ဝက်ခြံပေါက်ရခြင်းရဲ့ အကြောင်းအရင်းများ

acne0.png

အသားရေထိန်းသိမ်းတာကို နေ့စဉ်လုပ်ဖြစ်နေပေမယ့် ဝက်ခြံပေါက်နေတုန်းပဲလို့ ခံစားနေရပါသလား။ အဲဒီလိုဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့နေထိုင်မှုပုံစံကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ အသားရေ ထိန်းသိမ်းမှုတွေ ပြုလုပ်နေရင်တောင် ဝက်ခြံပေါက်လာနိုင်တဲ့ တခြားအရာတွေ ရှိပါတယ်။ ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းဖြစ်နိုင်တဲ့ အရာတွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ဖုန်း

အခြားအရာတွေထက် ပိုပြီး ထိတွေ့ဖြစ်တဲ့အရာတစ်ခုကတော့ ဖုန်းပါပဲ။ ဖုန်းက အခြားအရာတွေထက် ဘတ်တီးရီးယားပမာဏ အများဆုံးရှိနေနိုင်ပါတယ်။ ဖုန်းကိုင်ပြီး မျက်နှာနားကပ်ထားတာတွေက ဝက်ခြံပေါက်စေနိုင်ပါတယ်။ အဲဒါကို ရှောင်ရှားဖို့အတွက် ဘတ်တီးရီးယား ဖယ်ရှားတဲ့နည်းလမ်းတွေကို အသုံးပြုပြီး သင့်ရဲ့ဖုန်းကို သန့်စင်ပေးပါ။

သင့်ရဲ့မိတ်ကပ်ဘရက်ရှ်

သင်ဟာ မိတ်ကပ်ဘရက်ရှ်ကို အသုံးပြုပြီး မိတ်ကပ်နေ့တိုင်းလိမ်းနေရတယ်ဆိုရင် မိတ်ကပ်ဘရက်ရှ်တွေကို နေ့စဉ် သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ မိတ်ကပ်ဘရက်ရှ်ကို သင် တစ်ယောက်တည်းအသုံးပြုရင်တောင် ဘရက်ရှ်မှာ ဘတ်တီးရီးယား၊ ဖုန်မှုန့်၊ ဆီတွေ ကပ်ညှိနိုင်ပါတယ်။ မိတ်ကပ်ဘရက်ရှ်ကို တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ပဲဖြစ်ဖြစ် သန့်စင်ပေးပါ။ မနက်တိုင်း မိတ်ကပ်ဖျက်ဆေးတစ်ရှုးနဲ့ အသုံးပြုပြီး သန့်စင်ပေးလို့ရပါတယ်။

ဆံပင်နဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းများ

သင်က ဆံပင်ပုံသွင်းတဲ့ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ သတိထားဖို့တော့ လိုအပ်ပါတယ်။ ဆံပင်ပုံသွင်းဆေးလို ပစ္စည်းတွေက သင့်အသားရေပေါ်ကို အစက်တွေကျစေပြီး ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ပစ္စည်းတွေ အသုံးပြုတဲ့အခါ သင့်မျက်နှာနဲ့ လည်ပင်းကို တစ်ခုခုနဲ့ ဖုံးထားပေးသင့်ပါတယ်။

သင့်ရဲ့လက်

သင့်လက်နဲ့ မျက်နှာကို ခဏခဏ ထိမိနေလား။ မျက်နှာကို လက်နဲ့ ခဏခဏ ထိခြင်းက ဝက်ခြံပေါက်နိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ သင့်လက်က ဘတ်တီးရီးယားပိုးမွှားတော်တော်များများကို သယ်ဆောင်ပေးနိုင်ဆုံးအရာပါပဲ။ မျက်နှာကို လက်နဲ့ ခဏခဏ မထိဖြစ်အောင်ကြိုးစားပြီး လက်ကို ပုံမှန် ဆေးကြောသန့်စင်ပေးပါ။

သင့်ရဲ့ခေါင်းအုံးစွပ်

သင်ဟာ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေ လဲလှယ်ဖို့ ပျင်းနေတယ်ဆိုရင်တော့ သင်က ဘတ်တီးရီးယားပိုးမွှားတွေကို ဖိတ်ခေါ်နေတာပါပဲ။ သင့်ရဲ့ခေါင်းအုံးက ချွေး၊ ဖုန်မှုန့်၊ ဆီတွေကို သယ်ဆောင်နိုင်ပါတယ်။ သင့်အသားရေမှာ ဝက်ခြံမပေါက်အောင် ခေါင်းအုံးစွပ်ကို တစ်ပတ်ကို တစ်ခါလောက် အသစ်လဲပေးသင့်ပါတယ်။

ကဲ…ဝက်ခြံပေါက်တတ်တဲ့သူတွေ အပေါ်မှာ ဖော်ပြပေးထားတဲ့ အရာတွေကို ဂရုစိုက်ပေးသင့်ပါတယ်နော်…။

Ref: TOI “Five daily habits that are probably giving you acne”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top