“Belt and Road” အတူတကွတည်ဆောက်၍ ဒစ်ဂျစ်တယ်စီးပွားရေး အတူတကွဖော်ဆောင်ခြင်း

statecouncilinfo.jpg

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး သည် တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေ နှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါသည်။ ယင်းသည် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေး ရုံးမှ ၁၇ နှစ်ဆက်တိုက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကျင်းပခြင်း ဖြစ်ပါသည်။

သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Li Chenggang ၊ တရုတ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ ဒုတိယဥက္ကဌ Mr. Zhang Shaogang ၊ ကွမ်ရှီးကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဌ Mr. Zhou Hongbo တို့မှ တရုတ်နိုင်ငံနှင့် အာဆီယံအကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့်တကွ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး နှင့်စပ်လျဉ်းသည့် ထူးခြားချက်များနှင့် ပြင်ဆင်မှုအခြေအနေများကို သတင်းထောက်များထံ မိတ်ဆက်ပြောကြား ခဲ့ပါသည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် သမိုင်းဝင် ရပ်တည်လျက် ရှိပြီး တရုတ်နိုင်ငံနှင့် အာဆီယံအကြား အကြီးဆုံးကုန်သွယ်ဖက်ဟူသည့် ကောင်းမွန်သည့် အနေအထား အပြန်အလှန် ဖြစ်တည်နေပါသည်။ တစ်ကမ္ဘာလုံး၌ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေပြီး နိုင်ငံအသီးသီး၏ စီးပွားရေးကျဆင်း ဖိအားများတိုးများနေကာ နိုင်ငံတကာကုန်သွယ်ရေး လွန်စွာ ဆုတ်ယုတ်နေသည့် အနေအထား၌ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့သည် ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ကျော်လွှား၍ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တန်ပြန်တိုးတက်လျက်ရှိကြောင်း၊ ပထမအချက်အနေနှင့် နှစ်ဖက်ကုန်သွယ်မှုပမာဏ ဆက်တိုက် တိုးတက်လျက်ရှိကြောင်း၊ COVID-19 ကပ်ရောဂါ ရင်ဆိုင်နေရချိန်၌ တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား လူများသွားလာမှုအဆင်ပြေအချောမွေ့စေရန်အတွက် “အမြန်လမ်းကြောင်း” ဖွင့်လှစ်ခဲ့ပြီး ကပ်ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ဆေးကုသရေးစက်ပစ္စည်းများ အပြန်အလှန် ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း၊ လုပ်ငန်းများ ပြန်လည်ထုတ်လုပ်၊ လည်ပတ်မှု မြန်ဆန်စေပြီး “Belt and Road” အတူတကွ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုအလားအလာ၊ အပြန်အလှန်ချိတ်ဆက်မှု တိုးမြှင့်ခြင်း၊ ထုတ်လုပ်ရေးကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းထား၍ ဒေသတွင်းစီးပွားရေး ပြန်လည်နိုးထလာရေးအတွက် အတူတကွတွန်းအားပေးလျက်ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၁၆.၅၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃.၈% တိုးတက်ခဲ့ရာ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းတန်ဖိုး၏ ၁၄.၆% ရှိကြောင်း၊ ဒုတိယ အချက်အနေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်း ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် တရုတ်နိုင်ငံမှ အာဆီယံသို့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆.၂၃ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ၅၃.၁% တိုးတက်ခဲ့ရာ တရုတ်နိုင်ငံမှ “Belt and Road” လမ်းကြောင်းတစ်လျှောက်နိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှု၏ ၇၆.၇% ရှိကြောင်း၊ တတိယအချက်မှာ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တစ်နေ့ထက်တစ်နေ့ များပြားလာခြင်း ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်ငန်းသစ်နှင့် လုပ်ငန်းပုံစံသစ်များ ဖွံ့ဖြိုးလာကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံသည် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြင့်စူးစမ်းရှာဖွေလျက်ရှိပြီး ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တစ်နေ့တစ်ခြား များပြားလာရာ တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားချက်အသစ် ဖြစ်လာကြောင်း၊ ယခုနှစ်သည် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ် ဖြစ်ပြီး “တရုတ်-အာဆီယံ သတင်းအချက်အလက်ဆိပ်ကမ်း” ၊ “တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးချိတ်ဆက်မှု ဒစ်ဂျစ်တယ်ပလက်ဖောင်း” စသည့် စီမံကိန်းများသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းစွာ အထောက်အကူပြုလျက် ရှိကြောင်း၊ စတုတ္ထအချက်မှာ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာမြှင့်တင်ခြင်း ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်သည် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် ဘက်စုံ တည်ဆောက်ပြီးစီးသည့် ၁၀ နှစ်မြောက်နှစ် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်ရေး “ပရိုတိုကော” ယမန်နှစ်က ဘက်စုံ အသက်ဝင်လာသည်နှင့်အမျှ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပေါင်းစပ်မှုသည် ပမာဏ၌သော်လည်းကောင်း၊ အရည်အသွေး၌သော်လည်းကောင်း ပိုမိုကောင်းမွန်သည့် အဆင့်အတန်းသို့ မြင့်မားနေပြီဖြစ်ကြောင်း၊ လန်ချန်းမြစ်-မဲခေါင်မြစ်၊ မဟာမဲခေါင်ဒေသခွဲ၊ တရုတ်-အာဆီယံအရှေ့ပိုင်းတိုးတက်မှုဇုန်၊ တရုတ်-အင်ဒိုချိုင်နားကျွန်းဆွယ် စီးပွားရေးစင်္ကြံ စသည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တဟုန်ထိုး တိုးတက်လျက်ရှိပြီး စီးပွားရေး စင်္ကြံ တည်ဆောက်ရေးသည်လည်း ထပ်ဆင့်ထိုးဖောက်မှုများ ဖြစ်ထွန်းလျက်ရှိကြောင်း၊ “Belt and Road” အဆိုပြုချက်အား နက်ရှိုင်းစွာဖော်ဆောင်ခြင်းနှင့် အာဆီယံ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို ချိတ်ဆက်၍ အပြန်အလှန်ချိတ်ဆက်ရေးစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေးမြှင့်တင်ပြီး ဒေသတွင်း အပြန်အလှန်ချိတ်ဆက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင် နိုင်ရေးအတွက် အားဖြည့်ပေးမည်ဖြစ်ကြောင်း Mr. Li Chenggang က မိတ်ဆက်ပြောကြားခဲ့သည်။

ကွမ်ရှီးကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဌ Mr. Zhou Hongbo က တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့မှ တရုတ်-အာဆီယံ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၌ ပါဝင်သည့် အရေးပါအခန်းကဏ္ဍနှင့် ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ထူးခြားချက်သစ်များကို မိတ်ဆက်ပေးခဲ့ပါသည်။ Mr. Zhou Hongbo က ၁၇ နှစ်ဆက်တိုက်ပျိုးထောင်လာပြီးနောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့သည် ကွမ်ရှီး၏ တောက်ပသော အမှတ်တံဆိပ် ဖြစ်လာပြီး တရုတ်-အာဆီယံ၏ အရေးပါသော တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်း ဖြစ်လာခဲ့ ကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား “Belt and Road” အတူတကွတည်ဆောက်ရေး၌ အရေးပါအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ပထမအချက်အနေနှင့် နိုင်ငံတော်ခေါင်းဆောင်များ၊အကြီးအကဲများ အကြား သဘောတူညီချက်များကို စုစည်း၍ တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်း ထူထောင်ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ ၁၆ ကြိမ်၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့ကို တရုတ်နိုင်ငံနှင့် ပြည်ပမှ ခေါင်းဆောင် အကြီးအကဲ ၈၃ ဦး၊ ဝန်ကြီးအဆင့် အထူးဧည့်သည်တော် ၃၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ဖွင့်ပွဲအခမ်းအနား အဓိကမိန့်ခွန်း ပြောကြားခြင်း၊ ခေါင်းဆောင်အကြီးအကဲများ တွေ့ဆုံခြင်း၊ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ကျင်းပခြင်း၊ နှစ်စဥ်ကျရောက်ရာ ဂုဏ်ထူးဆောင်နိုင်ငံ အခမ်းအနားအစီအစဉ်၊ နိုင်ငံရေးနှင့် စီးပွားရေးဆွေးနွေးပွဲများ ကျင်းပခြင်း တို့မှတစ်ဆင့် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် မပြတ်တွန်းအားပေးလျက်ရှိကြောင်း၊ ဒုတိယ အချက်အနေနှင့် စီးပွားကုန်သွယ်ရေးဆိုင်ရာ ကူးလူးဖလှယ်မှု နက်ရှိုင်းစေ၍ တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် တည်ဆောက်ရေးကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်-အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဇုန် တည်ဆောက်ပြီးစီးသည့် ၁၀ နှစ်မြောက်နှစ် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပလာကတည်းက ဧည့်သည်ကုန်သည် ၈၃၂၀၀၀ ဦး ပါဝင်ပြသ တက်ရောက်ခဲ့ကြောင်း၊ ကုန်ပစ္စည်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ နိုင်ငံတကာကုန်ထုတ်စွမ်းရည် ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော်ဥယျာဉ်ဇုန် တည်ဆောက်ခြင်း စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ခဲ့ပြီး လက်တွေ့ကျသော စီးပွားကုန်သွယ်ရေး အကျိုးရလဒ်များ ဖြစ်ထွန်းခဲ့ကာ တရုတ်-အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဇုန် ဘက်စုံတည်ဆောက် ပြီးစီး၍ အဆင့်မြှင့်တင် ဖွံ့ဖြိုးတိုးတက်ရန် အားကောင်းစွာ တွန်းအားပေးနိုင်ခဲ့ကြောင်း၊ တတိယ အချက်မှာ “နန်နင်းလမ်းကြောင်း” ကို အဆင်ပြေချောမွေ့စေ၍ နယ်ပယ်များစွာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်း ဖြစ်ကြောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ မူဘောင်အောက်၌ အစည်းအဝေး၊ ဖိုရမ် ၂၀၀ ကျော် ကျင်းပခဲ့ပြီး နယ်ပယ် ၄၀ ကျော်ကို လွှမ်းခြုံနိုင်ခဲ့ကြောင်း၊ နယ်ပယ်များစွာ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုယန္တရား ထူထောင်နိုင်ခဲ့ကြောင်း၊ အာဆီယံကို မျက်နှာမူသည့် ဘဏ္ဍာရေးတံခါး ဖွင့်လှစ်မှုပလက်ဖောင်း၊ တရုတ်-အာဆီယံ သတင်းအချက်အလက်ဆိပ်ကမ်း စသည့် အရေးပါစီမံကိန်း များစွာအား တွန်းအားပေးတည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်သည် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် တည်ဆောက်ပြီးစီးသည့် ၁၀ နှစ်မြောက်ဖြစ်ပါသည်။ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ““Belt and Road” အတူတကွတည်ဆောက်၍ ဒစ်ဂျစ်တယ်စီးပွားရေး အတူတကွဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် ယခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ယခုအကြိမ်ပြပွဲတွင် အောက်ပါထူးခြားချက်လေးခုပါဝင်မည်ဖြစ်ကြောင်း၊ (၁) ပုံသဏ္ဍာန်ဆန်းသစ်ခြင်း၊ တစ်ကမ္ဘာလုံးရှိ COVID-19 ကပ်ရောဂါအခြေအနေကို ထိထိရောက်ရောက် ရင်ဆိုင်ရန်အတွက် ယခုအကြိမ် ကုန်စည်ပြပွဲနှင့် ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် “အွန်လိုင်း” ပေါ်သို့ရောက်ရှိသွားပြီး “လက်တွေ့ပြပွဲ + အွန်လိုင်းပြပွဲ” ပုံစံဖြင့်ကျင်းပမည်ဖြစ်ကြောင်း၊ အသေးစိတ်အနေဖြင့် လက်တွေ့ပြပွဲ ကျင်းပပြီး တစ်ပြိုင်နက်တည်းတွင် “အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ” လွှင့်တင်ကာ အွန်လိုင်းနှင့်လက်တွေ့ပေါင်းစပ်မည်ဖြစ်ကြောင်း၊ လက်တွေ့ပြပွဲတွင် ပြည်တွင်းမှပါဝင်ပြသ တက်ရောက်သည့်ကုန်သည်များ အဓိကပါဝင်ပြီး ပြည်ပကုန်သည်များသည် အဓိကအားဖြင့် “အွန်လိုင်း” မှ ပါဝင်ပြသတက်ရောက်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကိုလည်း အွန်လိုင်းနှင့် လက်တွေ့ ပေါင်းစပ်သည့် နည်းလမ်းဖြင့် ကျင်းပမည်ဖြစ်ကာ တရုတ်နိုင်ငံခေါင်းဆောင်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် အထူးဖိတ်ခေါ်သည့်မိတ်ဖက်ဖြစ်သည့် ပါကစ္စတန်နိုင်ငံခေါင်းဆောင်တို့ အွန်လိုင်းမှ အမှာစကားပြောကြားရန် ဖိတ်ကြားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနတွင် ပင်မပြခန်းအဖြစ်ထားရှိမည်ဖြစ်ကြောင်း၊ (၂) ထူးခြားများစွာဖြင့် တင်ဆက်ခြင်း၊ ကုန်စည်ပြပွဲကျင်းပသည့် ကာလအတွင်း၌ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ၁၀ နှစ်ပြည့် သီးသန့်ခေါင်းစဉ်ဖိုရမ်ကို တစ်ပြိုင်နက်ကျင်းပပြီး တရုတ်-ထိုင်း သံတမန် ဆက်ဆံရေးထူထောင်ခြင်း (၄၅) နှစ်ပြည့်၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၇၀) ပြည့်၊ တရုတ်-ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၄၅) နှစ်ပြည့်ဟူသည့် သံတမန် ဆက်ဆံရေးထူထောင်ခြင်း အထိမ်းအမှတ်အခမ်းအနား သုံးခုကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါအခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး “ပူးတွဲကြေညာချက်” ကို ဖော်ဆောင်၍ တတိယအကြိမ် တရုတ်-အာဆီယံ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် ဖိုရမ်ခွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ (၃) စီးပွားရေးအခွင့်အလမ်း များပြားခြင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာကွေ့ဒေသ (GBA) ပူးပေါင်းဆောင်ရွက်မှုပြခန်းဇုန် ထားရှိပြီး ကုန်း-ရေနှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်ပြခန်းဇုန်ကို တိုးချဲ့ကာ ဘဏ္ဍာရေးတံခါးဖွင့်လှစ်မှုပလက်ဖောင်းနှင့် စပ်လျဉ်း၍ ကောင်းမွန်သောဘဏ္ဍာရေးပြခန်းဇုန် တည်ဆောက်၍ အာဆီယံကုန်ပစ္စည်းပြခန်းဇုန်၊ “Belt and Road” နိုင်ငံတကာပြခန်းဇုန်တို့ကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း၊ တရုတ် (ကွမ်ရှီး) လွတ်လပ်စွာကုန်သွယ်ရေး စမ်းသပ်ဇုန် မိတ်ဆက်ပွဲကျင်းပ၍ ပြည်တွင်းဝယ်ယူသူကုန်သည်များအား ဖိတ်ခေါ်မှုစွမ်းရည်ကိုတိုးမြှင့်ကာ ပြည်တွင်းလိုအပ်ချက်အလားအလာကို ဖော်ထုတ်ပြီး ပြည်တွင်း လည်ပတ်နိုင်မှုကို အဓိကထား၍ ပြည်တွင်းနှင့် နိုင်ငံတကာပူးတွဲလည်ပတ်ကာ အပြန်အလှန် တွန်းအားပေးနိုင်သော ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းအသစ်ကို ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ နိုင်ငံတကာကုန်ထုတ်လုပ်မှုစွမ်းရည်၊ နည်းပညာလွှဲပြောင်းမှု၊ သတင်းအချက်အလက် ဆိပ်ကမ်း၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်၊ စာရင်းအင်း၊ ဘဏ္ဍာရေးစသည့် နယ်ပယ်များအပါအဝင် အဆင့်မြင့်ဖိုရမ် ၈ ခု ကျင်းပပြီး “နန်နင်းလမ်းကြောင်း” တစ်ဆင့်တိုး တိုးချဲ့မည်ဖြစ်ကြောင်း၊ (၄) ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်း၊ အလီဘာဘာအုပ်စုနှင့်လက်တွဲ၍ ဒစ်ဂျစ်တယ်ပလက်ဖောင်း တည်ဆောက်ကာ တစ်နှစ်ပတ်လုံး မပြီးဆုံးသည့် “အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ” ကျင်းပ၍ နယ်ပယ်အားလုံးတွင် Uni Marketing ဖော်ဆောင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံမှ ပါဝင်ပြသတက်ရောက်သူများက တစ်နှစ်ပတ်လုံး အွန်လိုင်းတွင် ပြခန်းပြသမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ Live လွှင့်မှုများ လုပ်ဆောင်နိုင်ကာ ဧည့်သည်များအတွက် ပိုမိုကောင်းမွန်သည့် ပြပွဲပါဝင်ပြသတက်ရောက်မှု အတွေ့အကြုံပေးစွမ်းကာ စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီး၍ ပိုမိုကောင်းမွန်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေးရလဒ် ရရှိမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ဖိုရမ်နှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး မြှင့်တင်ရေး လှုပ်ရှားမှုကို အွန်လိုင်းနှင့်လက်တွေ့ ပေါင်းစပ်ကျင်းပမည်ဖြစ်ကြောင်း၊ လက်တွေ့တွင် ပြခန်း အခင်းအကျင်းနှင့် ပြပွဲ၌ဝန်ဆောင်မှုကို ဆက်လက်မြှင့်တင်ပြီး ကုမ္ပဏီများ စျေးကွက်သစ်ချဲ့ထွင်ရန် ကူညီပေးကာ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ပထမဆုံးအင်္ဂလိပ်ဘာသာဖြင့်ရေးသားသော Bluebook “တရုတ်နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံကုမ္ပဏီများအခွင့်အရေး” ကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံနှင့် အာဆီယံကုမ္ပဏီများ ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း Mr. Zhou Hongbo က မိတ်ဆက်ပြောကြားခဲ့ပါသည်။

လက်ရှိ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေကို အပြည့်အဝထည့်သွင်း စဉ်းစားမှုကို အခြေခံပြီး (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး၏ လှုပ်ရှားမှုအရေအတွက်ကိုလျှော့ချကာ အွန်လိုင်းနှင့် လက်တွေ့ပေါင်းစပ်သည့်ပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။ ယခုအကြိမ်အစည်းအဝေးကျင်းပသည့်ကာလအတွင်း၌ ဖွင့်ပွဲအခမ်းအနားအပြင် ထိပ်သီးအစည်းအဝေးတွင် ဂုဏ်ထူးဆောင်နိုင်ငံ (လာအို) ခေါင်းဆောင်နှင့် တရုတ်နိုင်ငံကုမ္ပဏီ CEO စားပွဲဝိုင်းဆွေးနွေးပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးလောက ဦးဆောင်သူ ဖိုရမ်ကိုလည်း အဓိကထား ကျင်းပမည်ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပသည်မှစပြီး ဆွေးနွေးပွဲသည် ထိပ်သီး အစည်းအဝေး၏ မဖြစ်မနေကျင်းပသည့်အခမ်းအနားတစ်ခုဖြစ်လာကြောင်း၊ အာဆီယံနိုင်ငံ ၉ နိုင်ငံမှ ခေါင်းဆောင်များသည် ရှေ့ဆင့်နောက်ဆင့်တက်ရောက်၍ တရုတ်နိုင်ငံကုမ္ပဏီကိုယ်စားလှယ်များနှင့် ကူးလူးဖလှယ်ကာ နိုင်ငံရေးနှင့်စီးပွားရေးလောက ကူးလူးဖလှယ်ဆွေးနွေးမှု၏ အဆင့်မြင့်ပလက်ဖောင်း ဖြစ်လာကြောင်း၊ လာအိုနိုင်ငံခေါင်းဆောင်သည် ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သဖြင့် ကျင်းပရာတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ခန်းမနှင့် နန်နင်းခန်းမရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များက ဗွီဒီယိုဖြင့်ချိတ်ဆက်ကာ လက်တွေ့ကျဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယခုနှစ်၏ စီးပွားရေးလောကဦးဆောင်သူဖိုရမ်သည် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ကို အဓိကထားကာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ အစိုးရလူကြီးများ၊ စီးပွားရေး ကုန်သွယ်ရေးအသင်း တာဝန်ရှိသူများ၊ ကုမ္ပဏီကိုယ်စားလှယ်များကို တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် ဘက်စုံတည်ဆောက်ပြီးစီးသည့် ၁၀ နှစ်အတွင်း၌ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို အတူတကွပြန်ပြောင်းအောက်မေ့ရန် ဖိတ်ခေါ်ကာ COVID-19 ရောဂါ၏ New Normal အခြေအနေနှင့် ကပ်ရောဂါအလွန်တွင် တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသစ်ကို စူးစမ်းရှာဖွေမည်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ Supply Chain ပိုမိုတစ်ဆင့်တိုးကောင်းမွန်စေရေးကို လေ့လာ၍ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် e-commerce ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်တည်ဆောက်မှုကို အရည်အသွေးကောင်းမွန်ပြီး အဆင့်မြှင့်တင်မှု အဆက်မပြတ်ဖော်ဆောင်ရန် ကူညီတွန်းအားပေးဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အထက်ပါလှုပ်ရှားမှုများအပြင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအခြေအနေအရ အခြားအချိန်တွင် တရုတ်-အာဆီယံ စီးပွားရေးဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ၊ တရုတ်-အာဆီယံ လူငယ်လုပ်ငန်းရှင်များဖိုရမ်၊ ၂၀၂၀ ပြည့်နှစ် တရုတ်-အာဆီယံ အဆင့်မြင့်နည်းပညာသစ် ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖွံ့ဖြိုးတိုးတက်မှု ညီလာခံစသည့် အခမ်းအနားသုံးခုကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း Mr. Zhang Shaogang က မိတ်ဆက်ပြောကြားခဲ့ပါသည်။

ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် “ပြည်ပကူးစက်မှုကို ကာကွယ်ခြင်း၊ ပြည်တွင်းရောဂါပြန်လည်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ခြင်း” ဟူသည့် အထွေထွေ ကာကွယ်ထိန်းချုပ်ရေး ဗျူဟာကို ဘက်စုံဖော်ဆောင်ပြီး လုပ်ငန်းဖော်ဆောင်သည့်ဒေသမှ တာဝန်ခံမှုကိုဖော်ဆောင်ကာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအစီအစဉ်နှင့် အရေးပေါ်ကြိုတင်အစီအစဉ်များကို သတ်မှတ်ဖော်ဆောင်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံရှိ ပြည်ပစီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များနှင့် ပြည်တွင်းဝယ်ယူသူများအား ဖိတ်ကြားမှုကို တိုးမြှင့်ကာ အွန်လိုင်းနှင့် လက်တွေ့ ပေါင်းစပ်သည့် နည်းလမ်းဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးတိုးမြှင့်မှု လှုပ်ရှားမှုကို ဖော်ဆောင်မည်ဖြစ်သည်။ ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲသည် ကပ်ရောဂါဖြစ်ပွားသည့် ထူးခြားသောခုနှစ်၌ ကျင်းပရသည့် အခမ်းအနားဖြစ်ကာ လက်ရှိတွင် ကုန်စည်ပြပွဲအတွက် ကျင်းပရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဖော်ဆောင်လျက်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top