တစ်နေရာတည်းမှာ ၄၇ နှစ်ကြာ ပါကင်ထိုးထားတဲ့ကားဟာ ခရီးသွားဧည့်သည်တွေအတွက် အထင်ကရအမှတ်အသားတစ်ခုဖြစ်လာ

11-2-2021yyl1.jpg

အီတလီနိုင်ငံက နေရာတစ်ခုမှာ ၄၇ နှစ်ကြာအောင် ပါကင်ထိုးထားတဲ့ ကားတစ်စီးဟာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး အထင်ကရအမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီကားကို ပိုင်ဆိုင်ခဲ့သူက အန်ဂျလို ဖရီဂိုလန် (Angelo Fregolent) ဆိုတဲ့အမျိုးသားပါ။ အန်ဂျလိုဟာ ၁၉၇၄ခုနှစ်က Conegliano မြို့ လေးမှာ သူ့ရဲ့ဇနီးဖြစ်သူ ဘာတီလာ မိုဒိုလို (Bertilla Modolo) နဲ့အတူ သတင်းစာအရောင်းဆိုင်လေးဖွင့်ခဲ့ပါတယ်။ အန်ဂျလိုက သူ့ရဲ့၁၉၆၂ မော်ဒယ် Lancia Fulvia ကားကို သူတို့ရဲ့ဆိုင်ရှေ့မှာ ပထမဆုံး ကားပါကင်ထိုးခဲ့တာပါ။

အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဂျလိုက “ကျွန်တော့်ထက် ၁၀ နှစ်ငယ်တဲ့ ကျွန်တော့်ရဲ့ဇနီး ဘာတီလာနဲ့အတူ သတင်းစာအရောင်းဆိုင်ကို နှစ် ၄၀ ကြာအောင် လုပ်ကိုင်ခဲ့တာပါ။ ကျွန်တော် စီးပွားရေးလုပ်တော့ ကျွန်တော့်ရဲ့ဆိုင်ရှေ့မှာ ကားပါကင်ထိုးရတာကို ကျွန်တော် ပျော်မိတယ်။ ဘာလို့လဲဆိုတော့ အဲဒီကားနဲ့ သတင်းစာတွေအပြည့်တင်လာပြီး ပါကင်ထိုး ပြီးရင် သတင်းစာတွေကို ဆိုင်ထဲသယ်ရလို့ပါ”လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

အန်ဂျလိုတို့ သတင်းစာအရောင်းဆိုင်မဖွင့်တော့ဘဲ အနားယူတဲ့အချိန်မှာ သူတို့ရဲ့ကားကို ဆိုင်ရှေ့မှာပဲ ထားရစ်ခဲ့တာကနေ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ အထင်ကရအမှတ်အသားတစ်ခုဖြစ်သွားခဲ့ပါတယ်။ Conegliano ကို လာရောက်လည်ပတ်တဲ့သူတွေက တစ်နေရာတည်းမှာ အချိန်အကြာကြီးရှိနေတဲ့ အန်ဂျလိုရဲ့ကားနဲ့ ဓာတ်ပုံတွေရိုက်လာကြပါတယ်။ သူတို့ရိုက်လိုက်တဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာခဲ့တဲ့အတွက် နာမည်ကြီးအမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတော့တယ်။

ဒါပေမဲ့ တစ်နေရာတည်းမှာ ဆယ်စုနှစ် ၅ စုနီးပါးကြာအောင် ရှိနေခဲ့တဲ့ အဲဒီကားက ၂၀၂၁ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ အာဏာပိုင်တွေက ရှေးဟောင်းကားပေါင်းမြောက်များစွာကို ပြသထားတဲ့ ပါဒူအာမြို့ရှိ the Auto e Moto d’Epoca Motorshow ဆီ ပို့ဆောင်ခဲ့ပါတယ်။ စက်ယန္တရားယာဉ်ရောင်းဝယ်ရေးပိုင်းမှာ အလုပ်လုပ်သူဖြစ်တဲ့၊ Serenissima ရှေးဟောင်းကားကလပ်ရဲ့ဉက္ကဌလည်းဖြစ်တဲ့ ဂျောဗန်နီ ဘာတန် (Giovanni Berton) က ကားကို Showroom ပို့ခဲ့တာနဲ့ပတ်သက်ပြီး “Fulvia ကားအမျိုးအစားရဲ့သမိုင်းက ကမ္ဘာတစ်ဝှမ်းမှာရှိပါတယ်။ ကျွန်တော်တို့ ဒီအတိုင်းထားလို့မဖြစ်ပါဘူး။ ဒါကြောင့် လူအများ မြင်တွေ့နိုင်မယ့် Car Showroom ကို ရွှေ့ဖို့ စိတ်ကူးမိခဲ့တာပါ” လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အန်ဂျလိုရဲ့ကားကို လွန်ခဲ့တဲ့ ၄၇ နှစ်အရွယ် ကားအစိတ်အပိုင်းတွေ ပျက်စီးတာကနေပြန်လည်ထိန်းသိမ်းဖို့အတွက် ဗီစန်ဇာမြို့အရှေ့မြောက်ပိုင်းက ကားဝပ်ရှော့ကို ပို့ခဲ့ပါတယ်။ ကားကို ပြန်လည်ပြုပြင်ပြီးသွားတာနဲ့ အန်ဂျလိုတို့အိမ်ဘေးက ကျောင်းရှေ့မှာ ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားဧည့်သည်တွေလည်း ကားနဲ့အတူ အရင်လိုဓာတ်ပုံရိုက်လို့ရနိုင်မယ့်အပြင် အန်ဂျလိုတို့လည်း သူတို့ရဲ့အိမ်ကနေ ကားကို မြင်နိုင်ခွင့်ရမှာဖြစ်ပါတယ်။

ကားကို တစ်စစီဖြစ်အောင် ကားသင်္ချိုင်းမပို့ခဲ့တာကို သိရတဲ့အတွက် ဒေသခံတွေလည်း ပျော်ရွှင်‌‌နေကြပါတယ်။

Ref: Ladbible “Car Parked In Same Spot For 47 Years To Be Turned Into Monument”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top