ကလေးတွေအတွက် စိတ်ဒဏ်ရာဆိုတာ

2-1-2020-yyl-035.jpg

ကလေးတွေဆိုတာက မိသားစုတစ်စုရဲ့ဆည်းလဲဖြစ်တဲ့အပြင် မိဘတွေရဲ့ရတနာတစ်ပါးလည်းဖြစ်ပါတယ်။ သူတို့လေးတွေက အငိုသန်၊ အဆော့သန်ပြီး ချစ်ဖို့ကောင်းကြပါတယ်။ မိဘတွေက သူတို့လေးတွေကို ချစ်ခြင်းမေတ္တာအပြည့်အဝပေးနိုင်မယ်ဆိုရင် သူတို့လေးတွေရဲ့အနာဂတ်တွေကောင်းမွန်လာမှာဖြစ်ပါတယ်။ ကလေးတွေရဲ့အနာဂတ်အတွက် မိဘတွေက အရေးကြီးဆုံးဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ နားလည်သည်းခံမှုမရှိဘဲ အိမ်ထောင်ရေးအဆင်မပြေတဲ့မိဘတွေကြောင့် ကလေးတွေရဲ့အနာဂတ်နဲ့သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ ထိခိုက်စေနိုင်ပါတယ်။ အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ကလေးတွေက ပိုပြီး စိတ်ဒဏ်ရာရတတ်တယ်ဆိုတာ မိဘတွေ သိထားသင့်ပါတယ်။

မိဘတွေ စကားများရန်ဖြစ်တာတွေ၊ အဆင်မပြေတာတွေ မြင်ရတဲ့ကလေးတွေက ဒီလိုကိစ္စမျိုးတွေမြင်ရတာ၊ ကြုံရတာတွေများလာတဲ့အခါမှာ ဘာကိုမှ အာရုံစူးစိုက်နိုင်ခြင်းမရှိတော့ဘဲ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဘဝမှာ စိတ်ပိုင်းဆိုင်ရာအားနည်းစွာနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် အရာရာတိုင်းကို သူတို့မြင်တဲ့အမြင်တွေက ဆန့်ကျင်ဘက်တွေဖြစ်သွားတတ်ပြီး သူတို့ရဲ့မိဘအရင်းတွေကိုတောင် မယုံကြည်နိုင်အထိတောင် ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုငယ်ရွယ်တဲ့အရွယ်မှာ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်ရတဲ့ကလေးတွေရဲ့ဘဝကိုလည်း ဖျက်စီးရာရောက်ပါတယ်။ စိတ်ဒဏ်ရာရနေတဲ့ကလေးတွေက သူတို့ရဲ့စိတ်ခံစားချက်တွေကို လူတွေရှေ့မှာ မဖော်ပြတတ်ကြဘဲ လူမှုရေးနယ်ပယ်မှာ မဝင်ဆံ့တော့တာ၊ တချို့ကိစ္စတွေမှာ အငြင်းပွားဖွယ်ရာ၊ ဆိုးသွမ်းဖွယ်ရာတွေဖြစ်လာတတ်ပါတယ်။

အခြားသူတွေက ကူညီပေးဖို့အတွက် ကမ်းလှမ်းလာရင်တောင် ငြင်းပယ်တတ်ကြပါတယ်။ အဲဒီလိုအခြေအနေမျိုးကို ကိုင်တွယ်ရဖို့ဆိုတာ ကလေးတွေအတွက် ခက်ခဲလှပါတယ်။ သူတို့လေးတွေ စိတ်ဒဏ်ရာမရဘဲ အနာဂတ်လှပဖို့အတွက် မိဘတွေလုပ်ဆောင်ပေးရမဲ့အရာတွေရှိပါတယ်။ သူတို့လေးတွေနဲ့ အပြန်အလှန်နွေးနွေးထွေးထွေး ဆက်ဆံပေးတာက မိဘနဲ့သားသမီးဆက်ဆံရေးမှာ အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။ မိဘတွေရဲ့ခံစားချက်တွေကို သူတို့လေးတွေကို ထုတ်ပြပါ။ ဒါပေမဲ့ ဆူပူရိုက်နှက်ကြိမ်းမောင်းတာတွေ မလုပ်ဖို့တော့ အရေးကြီးပါတယ်။

ကလေးတွေနားမလည်ရင် အော်ငေါက်ပြောဆိုမယ့်အစား နားလည်အောင် ပြောပေးပါ။ သူတို့လေးတွေရဲ့အတွင်းစိတ်မှာ ဘယ်လိုဖြစ်နေလဲဆိုတာ သိအောင်လုပ်ပြီး သူတို့လေးတွေရဲ့စိတ်ကို နားလည်တယ်ဆိုတာ ပြသပေးပါ။ ရိုးသားမှုဆိုတာကလည်း မိဘတွေ ကလေးတွေကို ဆက်ဆံတဲ့ပြောဆိုတဲ့နေရာမှာ အကောင်းဆုံးနည်းပါပဲ။ ကလေးတွေနဲ့ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာက မိဘတွေဟာ သူတို့ကိုယုံကြည်တယ်ဆိုတဲ့အသိစိတ်ကို ပေးစွမ်းပါတယ်။ ကလေးတွေရှေ့မှာ မိဘတွေက ရန်ဖြစ်ပြတာကလည်း ကလေးတွေအတွက် မကောင်းနိုင်ပါဘူး။ ဒါကိုတော့ ကလေးတွေစိတ်ဒဏ်ရာမရဖို့ အထူးဂရုစိုက်သင့်ပါတယ်။

ကလေးတွေက မိဘတွေ ရန်ဖြစ်နေတာ မြင်ရတဲ့အခါ သူတို့နှလုံးသားကို ထိခိုက်စေပြီး အဆိုးမြင်စိတ်တွေဖြစ်လာစေနိုင်ပါတယ်။ မိဘတွေ သူတို့ရှေ့မှာ ရန်ဖြစ်တာက ကလေးတွေကို စိတ်ဒဏ်ရာရစေပြီး အိပ်မက်ဆိုးကြီးလိုဖြစ်နေပါတယ်။ ဒါကြောင့် ကလေးတွေရဲ့အနာဂတ်လှပဖို့အတွက် မိဘတိုင်းရဲ့တာဝန်ဖြစ်တာကြောင့် ကလေးတွေ စိတ်ဒဏ်ရာမရအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Ref: TimesofIndia

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top