သင်္ကန်းဝတ်နဲ့တောင် လူစိတ်ဝင်စားမှုများပြီး အာရှနိုင်ငံတွေရဲ့မီဒီယာမှာဖော်ပြခံနေရတဲ့ ပိုင်တံခွန်

15-1-2021-yyl21.jpg

မော်ဒယ်မင်းသားချော ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာ အတော်လေးနာမည်ကြီးလို့နေရပါတယ်။ အရင်ကတည်းက ပိုင်တံခွန်ဟာ မြန်မာပရိသတ်အခိုင်အမာရထားတဲ့အပြင် ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကိုလည်း ရထားပြီးသားပါ။ ထိုင်းနိုင်ငံမှာတောင် အနုပညာအလုပ်တွေလုပ်ကိုင်နေပြီး နာမည်ကြီးထိုင်းမင်းသမီးချောလေးနဲ့လည်း အတူအတူကြော်ငြာရိုက်ခဲ့ကြပါသေးတယ်။ အခုဆိုရင် ထိုင်းနိုင်ငံအပြင် အခြားအာရှနိုင်ငံတွေက ပရိသတ်တွေ၊ နိုင်ငံတကာကပရိသတ်တွေနဲ့ အာရှမီဒီယာတွေကလည်း ပိုင်တံခွန်ကို သတိထားမိလာကြပါပြီ။

ထိုင်းနိုင်ငံအပြင် အခြားအာရှနိုင်ငံတွေက သတိထားမိလာခဲ့တာက ဇန်နဝါရီ ၁၂ ရက်နေ့က ပိုင်တံခွန်ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားတဲ့ ပုံတွေကြောင့်လို့ပြောရမှာပါပဲ။ အဲဒီပုံတွေက ပိုင်တံခွန်ရဲ့သင်္ကန်းဝတ်နဲ့ပုံတွေဖြစ်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ နာမည်ကြီးလို့နေပါတယ်။ ပိုင်တံခွန်ဟာ ဆံပင်ရှည်နဲ့ လိုက်ဖက်ပြီး ကြည့်ကောင်းတယ်ဆိုတာ မြန်မာပရိသတ်တွေလည်း အသိပါပဲ။ သူဟာ နှစ်သစ်မှာ သူ့ရဲ့ဆံပင်အရှည်ကြီးကို စွန့်လွှတ်ပြီး (၁၀) ရက်တာ ရဟန်းခံခဲ့တာပါ။ သူ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ သင်္ကန်းဝတ်နဲ့ပုံတွေကို မြင်ရင် သိကြမှာပါ။ အဲဒီပုံတွေနဲ့အတူ “၂၀၂၁ခုနှစ် နှစ်သစ်ကို (၁၀) ရက်တာ ရဟန်းခံရင်းနဲ့ ဖြတ်သန်းခဲ့တယ်။ အရမ်းစိတ်အေးချမ်းဖို့ ကောင်းတယ်”လို့ ရေးသားထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ အဲဒီပုံတွေ နာမည်ကြီးနေကြောင်းကို စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံအပါအဝင် အခြားအာရှနိုင်ငံက နာမည်ကြီးမီဒီယာတွေက ဖော်ပြနေကြပါတယ်။ ပရိသတ်တွေက ဆံပင်ရှည်ကို စွန့်လွှတ်ပြီး ရဟန်းခံခဲ့တာနဲ့ပတ်သက်ပြီး ဆံပင်ရှည်လေးကို နှမြောလိုက်တာ၊ ကြည်ညိုဖို့ကောင်းလိုက်တာ၊ သင်္ကန်းဝတ်နဲ့တောင် ကြည်ကောင်းလိုက်တာ၊ ဆံပင်ရှည်မဟုတ်ဘဲ ကတုံးနဲ့လည်း ကြည်ကောင်းနေတာလို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ မီဒီယာတွေက “Hot Monk” လို့ တောင် ဖော်ပြနေကြပါတယ်။

အာရှမီဒီယာတွေက ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့အကြောင်းအနည်းငယ်ကိုလည်း မျှဝေပေးထားပါတယ်။ ၂၀၁၄ခုနှစ်မှာ မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၇ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ကြောင်း၊ အဲဒီကနေ နာမည်ကြီးလာပြီး ၂၀၁၈ခုနှစ်မှာ Buzzfeedရဲ့ ဆွဲဆောင်မှုရှိတဲ့တောင်အာရှအမျိုးသား (၂၃) ဦး စာရင်းမှာ ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top