အင်ဒိုနီးရှားနိုင်ငံမှာ ၇ စက္ကန့်လောက် တုန်ခါခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၃၀ သေဆုံး

15-1-2021-yyl27.jpg

ဆူလာဝီဆီကျွန်းမှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး ဆေးရုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပါတယ်။ ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းက အသေးစား တုန်ခါမှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ ပြင်းအား ၆.၂ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် လူရာချီ ဒဏ်ရာရခဲ့ပြီး အိုးအိမ်စွန့်ခွာရသူ ထောင်ချီ ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ထိခိုက်ပျက်စီးမှုများတဲ့ အင်အားပြင်းငလျင်တွေ၊ ဆူနာမီလှိုင်းတွေ ကြုံတွေ့ရလေ့ရှိပြီး ၂၀၁၈ ခုနှစ်ကလည်း ဆူလာဝီဆီကျွန်းမှာ ငလျင်လှုပ်လို့ လူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

မာမူဂျူမြို့ရဲ့ ဆေးရုံတစ်စိတ်တစ်ပိုင်း ပြိုကျချိန်မှာ လူနာ ၆ ယောက်နဲ့ သူတို့ရဲ့မိသားစုတွေဟာ အပျက်အစီးတွေကြား ပိတ်မိခဲ့တယ်လို့ ဒေသခံမီဒီယာတစ်ခုက ဖော်ပြပါတယ်။ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေတယ်လို့ မာမူဂျူမြို့ ကယ်ဆယ်ရေးအေဂျင်စီ အဖွဲ့ဝင် အာရီယန်တိုက ပြောပါတယ်။ ဒါပေမဲ့ ပိတ်မိနေသူ ဘယ်လောက်ရှိလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

မာဂျီနီမြို့ အရှေ့မြောက်ဘက် ၃.၇၃ မိုင်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီဝန်းကျင်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ၇ စက္ကန့်လောက် တုန်ခါခဲ့တယ်လို့ ဆိုပါတယ်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိပေမဲ့ လူထောင်ချီကိုတော့ ဘေးကင်းရာ ရွှေ့ပြောင်းပေးထားပါတယ်။


ငလျင်လှုပ်ခတ်မှုအပြီးမှာ အင်အားပြင်းထန်တဲ့ ထပ်ကျော့ငလျင်တွေ လှုပ်ခတ်နိုင်ပြီး ထပ်ကျော့ငလျင်တွေကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်လာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Ref: BBC ” Indonesia earthquake: Sulawesi hospital among collapsed buildings “
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top