“All of Us Are Dead” Season 2 အတွက် အနာဂတ်အစီအစဉ်တွေအကြောင်း ထုတ်ပြောလာခဲ့တဲ့ ဒါရိုက်တာလီဂျေးဂယူ

8-2-2022-yyl09.jpg

Neflixရဲ့ မူရင်းစီးရီးတွေက ထွက်ရှိလာတိုင်း အောင်မြင်တယ်လို့ ပြောရမှာပါ။ “Squid Game” ပြီးရင် ဇန်နဝါရီ ၂၈ ရက်နေ့က ထွက်ရှိခဲ့တဲ့ “All of Us Are Dead” ကလည်း အောင်မြင်တဲ့စီးရီးဖြစ်ခဲ့ပါတယ်။ ထွက်ရှိပြီးချင်းမှာပဲ နိုင်ငံတော်တော်များများမှာ Netflix Top TV Series ရဲ့ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် “All of Us Are Dead” ရဲ့ဒါရိုက်တာ လီဂျေးဂယူ (Lee Jae Gyu) က စီးရီးဒုတိယတွဲအတွက် အစီအစဉ်တွေကို ထုတ်ပြောပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က Wikitree မီဒီယာနဲ့ ဒါရိုက်တာ လီဂျေးဂယူတို့ အွန်လိုင်းအင်တာဗျူးတစ်ခုလုပ်ခဲ့ပြီး စီးရီးအကြောင်း မျှဝေခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့မှာ ဒါရိုက်တာ လီဂျေးဂယူက စီးရီးရဲ့အနာဂတ်အစီအစဉ်အကြောင်းနဲ့ပတ်သက်ပြီး “Season 1 က ရှေရှည် ဆက်ပြီးအောင်မြင်မယ်ဆိုရင် Season 2 အတွက် ရှေ့ဆက်ဖို့ ခြေတစ်ကုပ်စာနေရာယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကတော့ Season 2 ရိုက်ချင်တယ်။ ဒါပေမဲ့ ဘာကိုမှ တရားဝင်အတည်ပြုလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Season 2 အတွက် သူ့ရဲ့အစီအစဉ်နဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုတော့ ထုတ်ပြောပြခဲ့ပါတယ်။ “Season 1 က ဇွန်ဘီတွေဆီကနေ လူသားတွေအသက်ရှင်ဖို့ ရုန်းကန်ရတဲ့အချိန်ဆို Season 2 ကိုတော့ ဇွန်ဘီတွေ အသက်ရှင်ဖို့ ရုန်းကန်ရမယ့်ကာလကို ပြချင်တယ်” လို့ဆိုပါတယ်။

Season 1 ရဲ့ နောက်ဆုံးအပိုင်း ၁၂ မှာ အဓိကဇာတ်ကောင် လီချောင်းဆန်းက ဇွန်ဘီတစ်ဝက်လူတစ်ဝက်ဖြစ်နေတဲ့ ဗီလိန် ဂွီနမ်နဲ့အတူ ပေါက်ကွဲမှုထဲပါသွားပြီး ပြုတ်ကျသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဇွန်ဘီတွေသေအောင် ဖောက်ခွဲမှုတွေ လုပ်လိုက်တဲ့အချိန်အတွင်း အဆောက်အဉီးကနေ ပြုတ်မကျခင် လီချောင်းဆန်းက ဂွီနမ်ကို ဆွဲချဖို့ လုပ်ခဲ့တာပါ။ ကြည့်ရှုသူတွေက Season1 မှာ လီချောင်းဆန်းရဲ့နောက်ဆုံးအခိုက်အတန့်ကို မြင်ပြီး ဝမ်းနည်းစိတ်ပျက်ခဲ့ကြပြီး Season 2 မှာ လီချောင်းဆန်းကို ပြန်ပါဝင်လာပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒါရိုက်တာ လီဂျေးဂယူက “ချောင်းဆန်း အသက်ရှင်လျက်ပြန်လာမယ်ဆိုရင် ဒါကို လက်မခံနိုင်တဲ့ ကြည့်ရှုသူတွေရှိမယ့်အပြင် ပျော်ရွှင်ကြမယ့်ပရိသတ်တွေလည်း ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့မှာ ဒါနဲ့ပတ်သက်ပြီး အစီအစဉ်ရှိပြီးသားပါ။ ဒါပေမဲ့ အခု ဒီနေရာမှာ ထုတ်ပြောပြဖို့ ခက်ခဲပါတယ်” လို့ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ လီဂျေးဂယူက “ချောင်းဆန်းအပါအဝင် အခြားသရုပ်ဆောင်အားလုံး Season 2 မှာ ပါဝင်လာမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီး စိတ်ကူးကြည့်မိခဲ့တယ်။ Season 1 ကထက် ဇာတ်ကွက်အလှည့်အပြောင်းတွေကို သေချာပေါက် ထပ်ထည့်ချင်ပါတယ်” လို့ ဆိုပါတယ်။

လီချောင်းဆန်းဇာတ်ကောင်ကို ကြိုက်တယ်လို့လည်း ဒါရိုက်တာလီဂျေးဂယူက ထုတ်ပြောပြခဲ့ပါတယ်။ “ကျွန်တော် မောနီတာကနေ ချောင်းဆန်းသေတာကို ကျွန်တော်ကြည့်နေတဲ့အချိန် ကျွန်တော် အရမ်းငိုခဲ့ရတယ်။ သူ့ရဲ့အတွင်းစိတ်ခံစားချက်ကို ဖိနှိပ်ပြီး လုပ်ခဲ့တဲ့သူ့ရဲ့ ရွေးချယ်မှုက ကျွန်တော့်နှလုံးသားကို တကယ်နာကျင်စေခဲ့တယ်။ သူ့အတွက် ဂုဏ်ယူမိသလို “ငါက ဒီကျောင်းမှာ အပျော်ဆုံးလူပါပဲ” လို့ ပြောတဲ့အချိန်မှာလည်း အရမ်းဝမ်းနည်းသွားတယ်” လို့ ပြောပြသွားခဲ့ပါတယ်။

“All of Us Are Dead” စီးရီးဟာဆိုရင် ဇွန်ဘီဗိုင်းရပ်စ်ပျံ့နှံ့မှုအတွင်း ကျောင်းမှာ ပိတ်မိနေခဲ့တဲ့ ကျောင်းသား/သူတစ်စုရဲ့ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ ဒီကျောင်းသား/သူတွေက သူတို့ကိုယ်သူတို့ ကယ်တင်ဖို့နဲ့ ဇွန်ဘီဗိုင်းရပ်စ်ဖြစ်ပွားမှုရဲ့ဗဟိုချက်နေရာကနေ ထွက်ပြေးလွှတ်မြောက်ဖို့ ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ခဲ့ကြရပါတယ်။ လာရောက်ကယ်ဆယ်မှာကို စိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ သူတို့ကိုယ်တိုင် အသက်ရှင်လွှတ်မြောက်ဖို့ ကြိုးစားရမယ်ဆိုတာ သိရှိလိုက်ရပါတယ်။ ဒီစီးရီးက အပိုင်း ၁၂ ပိုင်းပါဝင်ပြီး မိဘက သားသမီးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေ၊ သူငယ်ချင်းအပေါ်ထားရှိတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဒုက္ခရောက်တဲ့အချိန် လူတွေရဲ့ကောက်ကျစ်စဉ်းလဲမှုတွေ၊ လူတွေရဲ့အတွင်းစိတ်တွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းကောင်းလည်းဖြစ်ပါတယ်။

Ref: Allkpop ‘All of Us Are Dead’ director Lee Jae Gyu reveals the plans for season two and the possibility of a certain character’s resurrection”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top