ကပ်ဘေးထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ဘောက်ဆူး ကန်ဒေါ်လာ ၁၀၀၀ ပေးခဲ့သူ

13-7-2020-yyl-014.jpg

နယူးဂျာဇီပြည်နယ်က The Starving Artist စားသောက်ဆိုင်ရဲ့ ဝန်ထမ်းတွေဟာ ကပ်ရောဂါအတွင်းမှာတောင် အလုပ်လုပ်နေကြတဲ့အတွက် စားသုံးသူတစ်ဦးက သူတို့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဘောက်ဆူး ဒေါ်လာ ၁၀၀၀ ပေးခဲ့ပါတယ်။ အဲဒီလိုပေးခဲ့တာကြောင့် စားသောက်ဆိုင်ဝန်ထမ်းတွေ ဝမ်းသာပီတီမျက်ရည်ကျခဲ့ရပါတယ်။ The Starving Artist ရဲ့ ပိုင်ရှင် အာနိုး တိုင်ဇိုင်ယာကတော့ အဲဒီစားသုံးသူဟာ ၂၀၀၁ခုနှစ်ကတည်းက သူ့ဆိုင်မှာ အားပေးလာခဲ့တာဖြစ်ပြီး စားသုံးသူက ဘယ်သူဘယ်ဝါဆိုတာကို မသိစေချင်တဲ့အတွက် သူထုတ်မပြောတော့ဘူးလို့ ဆိုပါတယ်။

“အဲဒီစားသုံးသူနဲ့သူ့မိသားစုက မနက်စာ လာစားခဲ့ပြီး စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တာပါ။ သူတို့ကို ဧည့်ခံပေးတဲ့ စားပွဲထိုးက ဘောက်ဆူးကို မြင်သွားခဲ့တဲ့အခါမှာ ငိုခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်တော့်ဝန်ထမ်းတွေထဲက တခြားတစ်ယောက်ကလည်း အဲဒါကို မြင်ပြီး လိုက်ငိုခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော် မြင်ခဲ့ပြီး မငိုဘဲနဲ့ မနေနိုင်ခဲ့ဘူး။ အခုအချိန်က ကျွန်တော်တို့အတွက် ခက်ခဲနေတာဖြစ်တဲ့အတွက် ကျွန်တော့် စိတ်ခံစားချက် အရမ်းပြင်းထန်ခဲ့ပါတယ်”လို့ အာနိုးက ပြောပါတယ်။

အဲဒီစားသုံးသူက ပြီးခဲ့တဲ့အပတ်ကမှ The Starving Artist ကို မနက်စာလာစားခဲ့ပြီး စာတစ်စောင်နဲ့အတူ ဘောက်ဆူးကို ချန်ထားခဲ့တာဖြစ်ပါတယ်။ ရေးထားတဲ့စာကတော့ “အခုလိုခက်ခဲတဲ့အချိန်မှာ အလုပ်လုပ်နေကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ မင်းတို့ရဲ့အရသာရှိတဲ့အစားအစာ၊ နွေးထွေးတဲ့အပြုံးတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မင်းတို့ကို ဘယ်လောက်အလေးပေးလဲဆိုတာ မင်းတို့ သိပါစေ။ Starving Artist မပါဘဲနဲ့ ကောင်းတဲ့နွေရာသီဖြစ်လာမှာ မဟုတ်ပါဘူး” ဆိုတာပါပဲ။ စာရဲ့အဆုံးသတ်မှာတော့ ဝန်ထမ်းတွေအကုန်လုံး ဘောက်ဆူး ဒေါ်လာ ၁၀၀၀ ကို ခွဲဝေယူကြဖို့ တောင်းဆိုခဲ့တာပါပဲ။ အာနိုးက သူ့ကိုထည့်မတွက်ဘဲ ဘောက်ဆူးကို ဝန်ထမ်း (၇) ဦးအတွက် ခွဲဝေပေးခဲ့ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင် အာနိုးက ကပ်ရောဂါဟာ မတ်လကတည်းက ဆိုင်ကို ပိတ်ထားစေခဲ့ပြီးတဲ့နောက်မှာ စီးပွားရေးပြန်လည်လုပ်နိုင်လိမ့်မယ်လို့ သူ ထင်တောင်မထင်ထားခဲ့ဘူးလို့ ဆိုပါတယ်။ “ကပ်ရောဂါက အရာရာတိုင်းကို ပိုဆိုးရွားလာစေခဲ့ပါတယ်။ ဆိုင်ကို ပြန်ဖွင့်နိုင်မယ်လို့ မထင်ခဲ့ပါဘူး။ အခုဆိုရင် နွေရာသီအလယ်လောက်ရောက်ရင် ကျွန်တော်တို့ အမြဲလိုလိုရခဲ့တဲ့ (၅၀) ရာခိုင်နှုန်းကိုတောင် မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ဒီဘောက်ဆူးက ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကို ပြန်ရှင်သန်လာစေခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နေရတဲ့ အရာနဲ့ပတ်သက်ပြီး အဆင်ပြေတယ်လို့ ခံစားရစေပါတယ်။ ကျွန်တော်တို့ရဲ့စားသုံးသူတွေကို ကာကွယ်ဖို့အတွက် အဆင့်တွေ အများကြီး ကျွန်တော်တို့ ကျော်ဖြတ်ရပြီး ခဏတာတော့ စိုးရိမ်ပူပန်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခံရပါပြီ”လို့ အာနိုးက ပြောပါတယ်။

Ref: CNN “Customer leaves restaurant staff $1,000 tip to thank them for working through the pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top