သားဖြစ်သူ သေသွားပြီလို့ ထင်မှတ်ထားတဲ့ မိခင်ဖြစ်သူနဲ့သူ့သားတို့ ၄၄ နှစ်အကြာမှာ ပြန်ဆုံစည်းခဲ့ကြ

20-12-2022-yyl-77.jpg

ဂျော်ဒန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဝီစ်ဆမ် မိုဟာမတ်ဟာ သူ့အဖေရဲ့လုပ်ရပ်တစ်ခုကြောင့် သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့တာပါ။ သူ့အဖေက သူ့အမေကို သူတို့ရဲ့ကလေး ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ညာပြောခဲ့လို့ပါ။ ဂျော်ဒန်နိုင်ငံသား သူ့အဖေနဲ့ အီဂျစ်နိုင်ငံသူ သူ့အမေတို့ရဲ့ဆက်ဆံရေးက ပြိုကွဲနေတာပါ။ သူ့ကို သူ့အမေ ဝေးရာခေါ်သွားမှာကို သူ့အဖေ ကြောက်တဲ့အတွက်ကြောင့် အခုလို ညာပြောခဲ့တာပါ။

သူ့မိဘတွေ ကွာရှင်းပြီးတဲ့နောက်မှာ သူ့အမေက သူ့သားလေးအသက်ရှင်နေမှန်းမသိဘဲ အီဂျစ်ရဲ့မြို့တော်ကို ပြန်သွားခဲ့ပါတယ်။ မိုဟာမတ် အရွယ်ရောက်လာတဲ့အချိန်မှာ သူ့အမေကို ရှာခဲ့ပါတယ်။ သူ့အမေ သေသွားပြီလား၊ အသက်ရှင်နေသေးလား သူ မသိခဲ့ဘူး။ သူ သိတာဆိုလို့ သူ့မွေးစာရင်းထဲက သူ့အမေရဲ့နာမည်ပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကိုင်ရိုမြို့ မှာ သူ့အမေ နေထိုင်ခဲ့ဖူးတဲ့နေရာကလည်း မရေမရာမသေမချာဖြစ်ခဲ့တယ်။

မိုဟာမတ်က သူ့အမေကို ရှာတွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အီဂျစ်ကို (၂) ကြိမ်သွားခဲ့တယ်။ ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး။ ကိုင်ရိုမြို့က သူ့အမေ နေခဲ့တဲ့ နေရာဟာ ၁၉၉၂ ခုနှစ်မှာ ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါပြီ။ နောက်တော့ ရှေ့နေတွေက သူ့အမေရဲ့သေစာရင်းရှာမတွေ့ခဲ့ဘူးဆိုတာ ပြောပြခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူ့အမေအသက်ရှင်နေတယ်ဆိုတာ သူ သေချာသိခဲ့ရတယ်။‌

အဲဒီနောက် မကြာခင်မှာ ဂျော်ဒန်နိုင်ငံက သူ့အန်တီတစ်ယောက်ဟာ မိုဟာမတ်ရဲ့မိခင်ပုံဟောင်းတချို့ကို ရှာတွေ့ခဲ့တယ်။ အဲဒီပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီး သူ့သူငယ်ချင်းတွေထဲက တစ်ယောက်ဟာ အီဂျစ်အခြေစိုက် “Missing Children” အမည်နဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ဆက်သွယ်ခဲ့တယ်။ ဖော်လိုဝါ ၂ သန်းနီးပါးရှိတဲ့ Missing Children ပေ့ချ်ရဲ့ တည်ထောင်သူက ရာမီ အီလ် ဂဲဘာလီဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ စေတနာ့ဝန်ထမ်း ၇၀၀၀ က ရာမီကို ကာလကြာရှည်ပျောက်ဆုံးနေတဲ့ ချစ်ရသူတွေနဲ့ ချိတ်ဆက်ပေးတဲ့ သတင်းအချက်အလက်တွေနဲ့ ပို့စ်တွေကဆင့် ကူညီပေးနေတာပါ။

အဲဒီပေ့ချ်မှာ မိုဟာမတ်ရဲ့အကြောင်းကို သူ့အမေရဲ့ပုံတစ်ပုံနဲ့အတူ “သားဖြစ်သူ အသက်ရှင်နေပြီး အမေ့ကို ရှာနေပါတယ်”ဆိုတဲ့ စာသားနဲ့ တင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့ ၂၄ နာရီအတွင်း မိုဟာမတ်ရဲ့ အမေကို ပေ့ချ်ကနေတဆင့် ရှာတွေ့ခဲ့ပါတယ်။ နောက်တစ်နေ့မှာ မိုဟာမတ်က ကိုင်ရိုမြို့ကို သွားခဲ့ပြီး သူ့အမေနဲ့ လေဆိပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

မိုဟာမတ်က သူ့အမေကို ပထမဆုံးအကြိမ် ပွေ့ဖက်ပြီးတော့ “အမေ့…သားကို သေသွားပြီ”လို့ထင်ခဲ့တာလား”လို့ မေးလိုက်တယ်။ “သူတို့က အမေ့ကို အဲ့လိုပြောခဲ့တာ”လို့ အမေဖြစ်သူ ရီဒါ မာချ်မောက်က ပြောပါတယ်။ မိုဟာမတ်က “သား တောင်းပန်ပါတယ်။ အမေ့ကို ရှာနေခဲ့တာ အနှစ် ၂၀ ရှိပြီ”တဲ့။

မိုဟာမတ်တို့သားအမိရဲ့ ပျော်ရွှင်စရာအဆုံးသတ်ဇာတ်လမ်းက အီဂျစ်မှာ နာမည်ကြီးခဲ့ပါတယ်။ ဒါက Missing Children အဖွဲ့အတွက် နောက်ထပ်ပျော်ရွှင်စရာအဆုံးသတ်ဖြစ်ခဲ့ပါတယ်။ ယနေ့အထိ လူ (၃၀၀၀) ကျော်ကို ကူညီပေးခဲ့ပြီးပါပြီ။ ပေ့ချ်မှာ လာသတင်းပို့တဲ့ ပျောက်ဆုံးနေတဲ့ လူ (၈၀၀၀) လောက်ကို ခြေရာခံရှာဖွေဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

Ref: CBSNews “Man reunited with his mom 44 years after she thought he died, thanks to a Facebook page”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top