သင့် အစားအစာနဲ့ ယင်ကောင် အန္တရာယ်

13-7-2020-yyl-018.jpg

ယင်ကောင်တွေက တဝီဝီမြည်သံနဲ့အတူ မသန့်ရှင်းတဲ့နေရာတွေမှာ တွေ့ရတတ်တဲ့၊ လူသားတွေကို ကောင်းကျိုးမပေးတဲ့ သတ္တဝါတွေပါပဲ။ သင့်အစားအစာမှာ ယင်ကောင်လာနားရင် အရသာရှိတဲ့၊ ဈေးကြီးတဲ့အစားအစာပဲဖြစ်ဖြစ် မစားဘဲနဲ့ ချက်ချင်းလွှတ်ပစ်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အစားအစာမှာ ယင်ကောင်လာနားနေတာကို ဘာမှမဖြစ်ပါဘူးဆိုပြီး မလွှတ်ပစ်ဘဲ စားတဲ့သူတွေလည်း ရှိနေပါတယ်။ ယင်နားစာတွေမစားရဘူးဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက ကြားဖူးကြမှာပါ။ တကယ်တော့ ယင်ကောင်က ကျွန်တော်တို့ရဲ့ အစားအစာတွေဆီ ပြဿနာတွေ ယူဆောင်လာနိုင်တာကြောင့် သူတို့အကြောင်း သိထားသင့်ပါတယ်။ ဒါကြောင့် သင့်အစားအစာကို ယင်ကောင်လာနားတဲ့အခါ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်..။

ယင်ကောင်တွေက သင့်အစားအစာမှာ အော့အန်နိုင်တယ်

ယင်ကောင်နဲ့ပတ်သက်ပြီး သင် သိထားဖို့လိုတဲ့အရာက ယင်ကောင်တွေဟာ သူတို့ရဲ့ပြွန်ပုံစံပါးစပ်ကနေတဆင့် အရည်တွေကို စုပ်ယူစားသောက်ကြတယ်ဆိုတာပါပဲ။ သူတို့ပါးစပ်တွေရဲ့ပုံစံက ဘယ်လိုအစားအစာတွေကိုမဆို အရည်အဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကို လုပ်ဖို့အတွက် သူတို့က သင့်အစားအစာမှာ အရင်စားခဲ့တဲ့အရာတွေ ပါဝင်နိုင်တဲ့ သွားရည်တွေနဲ့ အတူအန်ပစ်တတ်ကြပါတယ်။

ယင်ကောင်တွေက သင့်အစားအစာမှာ ‘ဥ’တွေ ဥနိုင်ပါတယ်

နောက်မှစားမယ်လို့ ချန်ထားတဲ့အစားအစာတွေက ယင်ကောင်တွေ မျိုးပွားဖို့အတွက် အသိုက်အမြုံအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အချိန်အနည်းငယ်ကြာပြီးနောက်မှာ ဥတွေက သင့်ကို အဆိပ်သင့်စေနိုင်တဲ့ ပိုးလောက်လမ်းအဖြစ် ကြီးထွားလာမှာဖြစ်ပါတယ်။ ဒါကြောင့် သင် စားမယ့်အစားအစာတွေကို ယင်မနားစေဖို့ ဖုံးအုပ်ထားသင့်ပါတယ်။

ခြေလက်နဲ့အတောင်တွေက သင့်အစားအစာကို ဘတ်တီးရီးယားအသိုက်အမြုံအဖြစ် ပြောင်းလဲနိုင်တယ်

ယင်ကောင်တွေက ဘတ်တီးရီးယားပိုးမွှားတွေနဲ့ ပြည့်နေတယ်ဆိုတာ ကျွန်တော်တို့တွေ သိထားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အလွန်သေးငယ်တဲ့ပိုးမွှားတွေ ဘယ်လောက်ပမာဏရှိလဲဆိုတာ သင် သိရဲ့လား။ ယင်ကောင်တွေက သူတို့ထိတွေ့သမျှ ရောဂါပိုးမွှားတွေကို ကူးစက်ကပ်ည်ှိလာနိုင်တယ်လို့ Nanyang Technological University ကဆိုထားပါတယ်။ ဒါကြောင့် ယင်ကောင်တွေက သင့်အစားအစာမှာ လာနားတဲ့အခါ သူတို့ခန္ဓာကိုယ်မှာရှိတဲ့ ဘတ်တီးရီးယားတွေက သင့်အစားအစာမှာ ကပ်ညှိသွားနိုင်ပါတယ်။

ယင်ကောင်တွေက အနာရောဂါ (၆၀) ကျော်ကို သယ်ဆောင်လာနိုင်တယ်

အိမ်မှာ တွေ့ရတဲ့ယင်တွေက အစားအစာတွေကနေတဆင့် လူသားတွေဆီကို အနည်းဆုံး အနာရောဂါ (၆၅) မျိုးကို သယ်ဆောင်လာနိုင်ပါတယ်။ အဲဒီရောဂါတွေထဲမှာ ဝမ်းကိုက်ရောဂါ၊ ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါတွေအပြင် အနာကြီးရောဂါတောင် ပါဝင်ပါတယ်။ အဲဒီရောဂါတွေကို လူတွေတင်ကူးစက်ခံရမှာမဟုတ်ပါဘူး။ ကြက် နဲ့ ဝက်တွေလို အခြားတိရစ္ဆာန်တွေကိုလည်း ကူးစက်စေနိုင်ပါတယ်။

Ref: What Really Happens When a Fly Lands on Your Food


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top