ပလတ်စတစ် စွန့်ပစ် အမှိုက် ၆၄ ပေါင် စားမိကာ သေဆုံးသွားခဲ့တဲ့ ဝေလငါး

1523272729_plasticos.jpg

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စပိန်နိုင်ငံတောင်ပိုင်း မာဆီယန်ကမ်းခြေမှာ ဧရာမ ဝေလငါးကြီး တစ်ကောင် သေဆုံးပြီး သောင်တင်ခဲ့တဲ့ အခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဓိက အကြောင်းရင်းကတော့ ဝေလငါးကြီးရဲ့ ကိုယ်တွင်းက ထွက်အန်ကျလာခဲ့တဲ့ စွန့်ပစ် ပလတ်စတစ် ပစ္စည်းတွေပါပဲ။

အလေးချိန် ၆၄ ပေါင်ထိစီးတဲ့ ပင်လယ်တွင်း စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်သရိုက် ပစ္စည်းမျိုးစုံတွေ ဝေလငါးကြီးရဲ့ ဗိုက်ထဲကို ရောက်နေခဲ့တာပါ။

ပင်လယ်ရေသမုဒ္ဒရာတွင်း ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ ဘယ်လောက်တောင်များနေပြီလဲ ဆိုတာ အားလုံးအတွက် စိုးရိမ်ဖွယ် တပ်လှန့် သတိပေးသံဖြစ်ခဲ့ပါပြီ။ ပင်လယ်ရေတွင်းနေ ရေနေသတ္တဝါတွေရဲ့ သဘာဝ ရှင်သန်မှုကို ထိပါးနှောင့်ယှက်နေတဲ့အထိ စုပုံစွန့်ပစ်ထားကြတဲ့ ပလတ်စတစ်တွေရဲ့ ဘေးအန္တရာယ်ဟာ ပေါ့ဆစရာမဟုတ်ဘဲ သတိကြီးကြီး ကိုင်တွယ် ဖြေရှင်းစရာ ဖြစ်လာပါပြီ။

ပင်လယ်ထဲ ပလတ်စတစ် စွန့်ပစ်မှုများလာတာနဲ့ အမျှ ပလတ်စတစ်ကို အစာအမှတ် စားသုံးမိတဲ့ ပင်လယ်နေဝေလငါးတွေရဲ့ သေဆုံးမှုတွေဟာလည်း တိုးမြင့်လာပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်လောက်တုန်းကလည်း အလားတူအနေနဲ့ ဧရာမဝေလငါး ၁၃ကောင်ဟာ ပလတ်စတစ် မျိုမိရင်းသေဆုံးကာ ကမ်းတင်လာခဲ့ဖူးပါတယ်။

ဒီ ဧရာမ ဝေလငါမျိုးကြီးဟာ ၃၃ ပေ အရှည်ရှိပြီး အလေးချိန် ၆ တန် စီးပါတယ်။ တောရိုင်း တိရစ္ဆာန် ကယ်ဆယ်ရေးစင်တာ El Valle က ဝေလငါးအလောင်းကို စမ်းသပ် စစ်ဆေးပြီးတဲ့နောက်မှာ ပလတ်စတစ် အမှိုက်သရိုက်ပစ္စည်း ၆၄ ပေါင်ထိ စားမိထားတဲ့ ဝေလငါးကြီးဟာ အစာအိမ် နဲ့ အူတွင်း အလွန့်အလွန် ဒဏ်ပိပြီး သေဆုံးသွားခဲ့တာ လို့ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဝေလငါးကြီးရဲ့ အလောင်းကို ခွဲစိတ်ကြည့်ရာမှာ အစာအိမ်နဲ့ အူတွေထဲကနေ ပလတ်စတစ်အိတ် အကြီးအသေးမျိုးစုံ၊ ပိုက်ကွန်တွေ၊ ပလတ်စတစ်ကြိုးတွေ နဲ့ ပလတ်စတစ် ဂျယ်လီဘူးတွေအထိ တွေ့ခဲ့ရပါတယ်။

ဝေလငါးကြီးရဲ့ ဝမ်းဗိုက် အတွင်းနံရံတွေမှာ ဘက်တီးရီးယား ကူးစက်မှုနဲ့ မှိုကူးစက်မှုတွေကြောင့် ဆိုးရွား ရောင်ရမ်းနေတာ တွေ့ရှိခဲ့ပါတယ်။ အကြောင်းရင်းကတော့ ပလတ်စတစ်တွေကို စွန့်ထုတ်နိုင်စွမ်း မရှိတော့တဲ့ ကိုယ်တွင်းစနစ်ကြောင့် ဝမ်းတွင်းမြှေးရောင် ဒဏ်ကို မချိမဆန့် ခံစားခဲ့ရင်း သေဆုံးသွားခဲ့ရတာပါ။

အမေရိကန်နိုင်ငံမှာ ဒီဝေလငါးမျိုးကြီးတွေကို သဘာဝအန္တရာယ်နဲ့ လူသားဒဏ်ကြောင့် ဘေးသင့် အန္တရာယ်ပြုခံ သတ္တဝါတွေအဖြစ် သတ်မှတ်ထားပြီး အမေရိကန်ရဲ့ ဘေးသင့် တိရစ္ဆာန်မျိုးစိတ် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေဆွဲပြီး အကာအကွယ် ပေးထားပါတယ်။

ကမ်းခြေပေါ် သေဆုံးသောင်တင်ခဲ့တဲ့ ဝေလငါးရဲ့ဖြစ်စဉ်အပြီး နောက်ဆက်တွဲအနေနဲ့ မာဆီယန်ဒေသ အာဏာပိုင်တွေဟာ ပင်လယ်ရေပြင်တွင်း ပလတ်စတစ်၊ အမှိုက်စွန့်ပစ်မှုကို ပြတ်သားဆန့်ကျင်တဲ့ ကမ်ပိန်းတစ်ခု စတင်လှုပ်ရှား ဆောင်ရွက်လာခဲ့ပါတယ်။ သမုဒ္ဒရာအတွင်း ပလတ်စတစ် အမှိုက်သရိုက်တွေ တစ်နေ့တခြား အဆမတန် တိုးမြင့်စုပုံလာခြင်းကို ထိထိရောက်ရောက် ဖြေရှင်းစေချင်နေကြတဲ့ မာဆီယန် ကမ်းခြေဒေသခံတွေကပါ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ မာဆီယန်ကမ်းခြေကြီး သန့်ရှင်းရေးအတွက်ပါ သဘာဝပတ်ဝန်းကျင် အသိနဲ့ သတိရှိဖို့ တိုးမြှင့်လှုံ့ဆော်ခဲ့ကြတယ်။

လေ့လာမှုတွေအရ လက်ရှိမှာ ကမ္ဘာ့ပင်လယ်ရေပြင်သမုဒ္ဒရာထဲ ပလတ်စတစ်အစအန စွန့်ပစ်ပစ္စည်းတွေဟာ ငါးထရီလီယံ အရေအတွက်အထိ ကြီးကြီးမားမားကြီးကို စုပုံနေပါပြီ။ နောက်လာမယ့် ဆယ်စုနှစ်စာ ကာလတွေမှာ ပင်လယ် ရေနေသတ္တဝါတွေ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက ပလတ်စတစ်တွေဆိုတာ ထင်သာမြင်သာရှိလာခဲ့ပါတယ်။ ပင်လယ်အဏ္ဏဝါ ကျွမ်းကျင်သူတွေက 2050 ခုနှစ်အရောက်မှာ ပလတ်စတစ်ပစ္စည်းတွေဟာ ရေနေငါး အရေအတွက်ထက်ကို ပင်လယ် သမုဒ္ဒရာတွင်း ပိုမို သာလွန်မြောက်မြားစွာ စုပုံနေတော့မှာဖြစ်တယ် လို့ ခန့်မှန်းချက် ထုတ်ထားကြပါတယ်။

လက်ရှိကာလ နိုင်ငံတကာမှာလည်း ပလတ်စတစ်အိတ် သုံးစွဲမှုကို တားမြစ်ထားတဲ့ နိုင်ငံတွေ ရှိလာခဲ့ပြီး သုံးစွဲခွင့်ကို အခွန်အကောက်သတ်မှတ်၊ ကန့်သတ်ပစ်လိုက်တဲ့ နိုင်ငံတွေလည်း ရှိလာခဲ့ပါပြီ။ ဥရောပသမဂ္ဂကနေလည်း 2030 ခုနှစ် အရောက်မှာ တန်းတူညီ မြေဆွေး မဖြစ်နိုင်တဲ့ non-biodegradable ပလတ်စတစ် သုံးစွဲမှုကို လုံးဝ ရပ်တန့်ပစ်လိုက်ပြီး ထပ်တလဲလဲ ပြန်လည်အသုံးပြုနိုင်မယ့် Recycle ပလတ်စတစ်တွေကို ကမ္ဘာ့နိုင်ငံတိုင်းအားလုံးမှာ ပြိုင်တူ ညီညွတ်စွာ အစားထိုး သုံးစွဲမှု ဖြစ်လာဖို့အရေး အရှိန်အဟုန်မြင့် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Ref: Forbes

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top