ကိုယ်ဖြစ်နေတာက ဝမ်းနည်းတာလား၊ စိတ်ဓာတ်ကျတာလား

Mentalhealth-v3.jpg

ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။ စိတ်ဓာတ်ကျတယ်ဆိုတာကတော့ ဒီနေ့ခေတ်စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးဖြစ်နေပါတယ်။ ဒီအခြေအနေနှစ်ခုဟာဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရော ဝမ်းနည်းတာနဲ့ စိတ်ဓာတ်ကျတာ သဲသဲကွဲကွဲသိရဲ့လားဆိုတာ ဒီဆောင်းပါးက အဖြေရှာပေးမှာပါ။

ဝမ်းနည်းခြင်း (Sadness)

လူသားတိုင်းမှာ ခံစားရလေ့ရှိတဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ ချစ်ရသူနဲ့ ဝေးကွာရတာ၊ အလုပ်အကိုင်၊ ငွေကြေး ဆုံးရှုံးမှု၊ မျှော်လင့်ထားတာတွေဖြစ်မလာတာ၊ ဝမ်းနည်းစရာအရာရာတစ်ခုခုကို ကိုယ်တိုင်မြင်လိုက်ရတာ၊ တွေးတောမိသွားတာ၊ စိတ်ဖိစီးပြီးပင်ပန်းနေတဲ့အချိန်၊ အထီးကျန်နေတဲ့အချိန်မှာ ဝမ်းနည်းတဲ့စိတ်ခံစားချက်ကို ခံစားရပါတယ်။ ဘဝဆိုတာ အကောင်းပဲအမြဲလာတာမဟုတ်တဲ့အတွက် ပျော်ရွှင်ရတဲ့အချိန်တွေလည်း ရှိသလို၊ ဝမ်းနည်းရတဲ့အခြေအနေတွေလည်း ရှိတတ်တာသဘာဝပါပဲ။

ဝမ်းနည်းနေတဲ့အခါ ကိုယ်က ဒီလိုခံစားနေရပါလား၊ ဒါတွေကြောင့် ကိုယ့်ရဲ့ စိတ်က မပျော်ရွှင်နေရတာပါလား ဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့ စိတ်ခံစားချက်ကိုလည်း တခြားတစ်ယောက်ကို ရင်ဖွင့်ဖို့ လွယ်ကူသလို နေ့စဉ်ဘဝမှာလည်း ကြီးကြီးမားမားထိခိုက်စေနိုင်တာမျိုးမဖြစ်စေပါဘူး။ ဝမ်းနည်းနေတဲ့ ခံစားချက်ကိုဖွင့်ဟလိုက်တဲ့အခါ၊ ငိုလိုက်တဲ့အခါ ဒါမှမဟုတ် ပျော်စရာအကြောင်းအရာတစ်ခုခုကို ခံစားမိတဲ့အခါ ဝမ်းနည်းခြင်းလျော့သွားပြီး စိတ်ခံစားချက်ဟာ ပုံမှန်အတိုင်းပြန်ဖြစ်လာနိုင်ပါတယ်။

တစ်ခါတလေမှာ ကိုယ်ကဘာမှမလုပ်ဘဲ ဒီအတိုင်းနေလိုက်ရင်တောင် ခံစားချက်က အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ ဝမ်းနည်းနေတဲ့ခံစားချက်ကြီး ပျောက်သွားပြီးတဲ့တိုင်အောင် အချိန်မရွေးပြန်ပေါ်လာ နိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာမရှိပေမဲ့ ဒီအတိုင်းကြီးပဲ အချိန်ကြာမြင့်စွာ ခံစားနေရမယ်ဆိုရင်တော့ တခြားစိတ်ကျန်းမာရေးပြဿနာတွေ (ဥပမာ – စိတ်ကျရောဂါ) ဖြစ်လာဖို့ကို လမ်းစဖွင့် ပေးလိုက်တာနဲ့အတူတူပါပဲ။

စိတ်ဓာတ်ကျခြင်း (Depression)

စိတ်ရောဂါတစ်ခုလို့ သတ်မှတ်လို့မရသေးတဲ့အခြေအနေမှာတောင်မှ စိတ်ဓာတ်ကျတာဟာ အင်မတန်အန္တရာယ်များတဲ့စိတ်ခံစားချက်ပါ။ ဝမ်းနည်းတာနဲ့မတူဘဲ ကိုယ့်ရဲ့အသိစိတ်ကိုချုပ်ကိုင်ပြီး လုံးဝ အမှောင်ဖုံးလွှမ်း လိုက်ပါတယ်။ အသိစိတ်လွတ်သွားတဲ့လူတစ်ယောက်က သူ့ရဲ့ တွေးခေါ်ပုံ၊ အာရုံစူးစိုက်နိုင်မှု၊ အပြုအမူ၊ အကျင့်စရိုက်တွေအားလုံးက ဗြောင်းဆန်သွားပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ဟာ

  • အမြဲတမ်းလိုလို စိတ်တည်ငြိမ်ခြင်းမရှိဘူး
  • လူကိုကြည့်လိုက်ရင် စိတ်လွတ်နေသလိုဖြစ်နေတတ်တယ်
  • တစ်ယောက်တည်းသီးသန့်နေတတ်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုးမရှိတော့ဘူး
  • ဘာကိုမှလုပ်ချင်ကိုင်စိတ်မဖြစ်တော့ဘဲ လောကကြီးကိုစိတ်ကုန်နေတဲ့ပုံစံဖြစ်နေတယ်
  • ခံတွင်းပျက်သလို ဘာမှလည်းစားချင်စိတ်မရှိဘဲဖြစ်မယ်
  • အမှောင်ထဲမှာနေရတာကိုကြိုက်လာတယ်
  • ညဘက်တွေမှာအိပ်မပျော်ဘဲ အတွေးကမ္ဘာထဲမြောနေမယ်
  • နေ့နဲ့ ည အိပ်ချိန်တွေမှားယွင်းလာမယ်၊ ကောင်းစွာလည်းအိပ်ပျော်နိုင်ခြင်းမရှိဘူး
  • ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေ၊ အသုံးမကျဘူးလို့ခံစားရတဲ့စိတ်တွေ ပိုများလာမယ်
  • ဘာကိုမှအာရုံစိုက်လို့မရတော့ဘဲ အသိစိတ်တွေကပျံ့လွင့်နေမယ်

ဒီလိုခံစားချက်တွေ (၅) ခုထက်မနည်း ဖြစ်နေတယ်ဆိုရင်တော့ စိတ်ဓာတ်ကျနေတာဖြစ်ဖို့ ပိုသေချာသွားပါပြီ။ ဝမ်းနည်းခြင်းနဲ့မတူဘဲ စိတ်ဓာတ်ကျခြင်းဟာ ကိုယ်တိုင်ဖြေဖျောက်ဖို့ အင်မတန်ခက်တဲ့ စိတ်ကျန်းမာရေးပြဿနာပါ။ ကိုယ့်ရဲ့အတွေးကမ္ဘာထဲမှာ ပူလောင်စိတ်၊ အပြစ်တင်စိတ်၊ ဝမ်းနည်းစိတ်တွေနဲ့အတူပိတ်လှောင်လိုက်ပြီး ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်းသတ်တဲ့ခံစားချက်မျိုးပါပဲ။

ဒီတော့ အလွယ်ပြောရမယ်ဆိုရင် ဝမ်းနည်းမှုဟာ သာမန်စိတ်ကျန်းမာနေတဲ့သူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အမြဲတွေ့ကြုံရတတ်တဲ့ခံစားချက်ဖြစ်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့ခံစားချက်ကိုလည်း အလွယ်တကူ ဖွင့်ဟပြောဆိုနိုင်ပြီး ကိုယ့်ဘာသာပျော်ရွှင်လာအောင်လည်းလုပ်နိုင်တယ်။ စိတ်ဓာတ်ကျခြင်းသည် နောက်ထပ်စိတ်ကျန်းမာရေးပြဿနာတွေ ဝင်လာဖို့အစဖြစ်ပြီး အခြေအနေတော်တော်ဆိုးလာတဲ့အခါမှာ ဝမ်းနည်းခြင်းကနေ စိတ်ဓာတ်ကျခြင်းကို ကူးပြောင်းသွားပါတယ်။ ကိုယ့်မှာဘာဖြစ်နေသလဲဆိုတဲ့အသိစိတ်တွေ ပျောက်ဆုံးသွားပြီး တစ်နေ့တစ်နေ့ စိတ်ကပိုဆိုးလာကာ ကိုယ့်ကိုယ်ကိုယ်ပါ အသက်အန္တရာယ်ပေးသည်အထိ၊ နေ့စဉ်အလုပ်တွေကိုထိခိုက်စေသည်အထိ ဖြစ်စေနိုင်ပါတယ်။

စိတ်ဓာတ်ကျတဲ့အခါဘာလုပ်မလဲ

ဒါကြောင့် စိတ်ဓာတ်ကျနေတယ်လို့သံသယဖြစ်လာပြီဆိုရင် မပေါ့ပါနဲ့။ မကုသဘဲပစ်ထားမှသာ အခြေအနေတွေ ပိုဆိုးလာကြတာပါ။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာအခက်အခဲတွေ၊ စိတ်ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ စိတ်ဓာတ်ကျခြင်းကို ပျောက်ကင်းအောင်ကုသနိုင်ဖို့ စိတ်ရောဂါကုထုံးပညာရှင်နဲ့လည်း တိုင်ပင် ဆွေးနွေးကြည့်လို့ရပါတယ်။

စိတ်ညစ်တာ၊ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း မြိုသိပ်ခံစား aနရတာထက် ကျန်တဲ့သူတွေကို ဖွင့်ဟတိုင်ပင်တာက ကိုယ့်မှာရှိနေတဲ့အခက်အခဲတွေကိုလည်း ဖြေရှင်းပြီး သားဖြစ်သလို ပူလောင်နေတဲ့ ကိုယ့်စိတ်ကိုလည်း အနည်းငယ်တော့ အေးချမ်းသွားစေနိုင်ပါတယ်။ နေ့ရက်တိုင်း ကို အကောင်းဆုံးဖြတ်ကျော်ပါ။ ကိုယ့်စိတ်ကို အေးချမ်းစေမယ့် အရာတွေကိုပဲ ရွေးလုပ်ပါ။ ကိုယ့်ကို နွေးထွေးမှု aပးနိုင်တဲ့သူတွေကိုပဲ အနားမှာထားပါ။ အားလပ်ချိန်တွေမှာ ဝါသနာပါတဲ့အရာလေးတွေကို ရွေးလုပ်ပါ။ အိပ်ရေး ဝဝအိပ်ပါ။ ဒါဆိုရင် စိတ်ရော ကိုယ်ပါ ကြံ့ခိုင်ပြီး တော်ရုံစိတ်ဖိစီးမှုနဲ့တော့ ကိုယ့်စိတ်က ယိုင်လဲနိုင်တော့မှာ မဟုတ်ပါဘူး။

အားလုံးပဲ သာယာပျော်ရွှင်ဖွယ်နေ့ရက်တွေကို စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းရင်း…

Ref: Hello ဆရာဝန်
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top