အလုပ်ရှာရခက်တဲ့ မိဘမဲ့ကလေးတွေကို အလုပ်ခန့်အပ်ထားတဲ့ ကော်ဖီဆိုင်

17-7-2021-yyl-39.jpg

တက္ကဆပ်ပြည်နယ်က La La Land Kind အမည်ရတဲ့ ကော်ဖီဆိုင်ဟာ ကော်ဖီရနိုင်တဲ့ နေရာတစ်ခုတင်မဟုတ်ပါဘူး။ မိဘမဲ့ဂေဟာက ကလေးတွေအတွက် ငွေရေးကြေးရေးအဆင်ပြေစေဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

အဲဒီကော်ဖီဆိုင်ရဲ့ပထမဆုံးဆိုင်ကို အလုပ်အကိုင်ရှာဖွေရခက်ခဲတဲ့ မိဘမဲ့ဂေဟာက ကလေးတွေကို အလုပ်ငှားရမ်းဖို့အတွက် တည်ထောင်ခဲ့တာပါ။ အခုဆိုရင် La La Land Kind Cafe က နေရာ (၄) နေရာမှာ ဖွင့်လှစ်ထားပြီး လော့အိန်ဂျလိစ်မြို့အထိ တိုးချဲ့ဖွင့်လှစ်ထားပြီးပါပြီ။ ဆိုင်ခွဲတွေက ပိုက်ဆံဝင်ချင်တဲ့၊ တစ်ချိန်တည်းမှာပဲ ကြင်နာတရားတွေပေးချင်တဲ့ ကုမ္ပဏီတွေရဲ့စံနမူနာအဖြစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

La La Land Kind Cafe ရဲ့တည်ထောင်သူနဲ့ စီအီးအို ဖရန်ကိုစ် ရိုင်ဟာနီ (Francois Reihani) က မိဘမဲ့ကလေးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်းကို ကြားခဲ့ပြီးတဲ့နောက်မှာ ကလေးတွေကို ကူညီပေးတဲ့နေရာမှာ အလေးထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မိဘမဲ့ဂေဟာမှာ မနေရတော့တဲ့ အသက်အရွယ်ရောက်လာတဲ့ မိဘမဲ့ကလေးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အသက် ၁၈ နှစ် နဲ့ အထက် မိဘမဲ့လူငယ်တွေကို ကုထုံး၊ လမ်းညွှန်ချက်၊ အဆင်မြင့်ပညာရေး၊ အလုပ်အကိုင်၊ နေစရာတွေနဲ့ ထောက်ပံ့ပေးမယ့် ရည်ရွယ်ချက်နဲ့ We Are One Project လို့ ခေါ်တဲ့ အကျိုးအမြတ် မယူတဲ့ ပရောဂျက်ကို ပထမဆုံး လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ဖရန်ကိုစ်နဲ့အလုပ်လုပ်တဲ့ လူငယ်အများစုက အလုပ်အကိုင်အတွေ့အကြုံမရှိတာကြောင့် အလုပ်အကိုင်မရနိုင်တာကို ရှာတွေ့သွားပြီးတဲ့နောက်မှာ အဲဒီပရောဂျက်က ကောင်းကောင်းအလုပ်မဖြစ်ခဲ့တာကို သိခဲ့ရတယ်။ ဒါကြောင့် မိဘမဲ့ကလေးတွေကို အလုပ်ခန့်ပေးနိုင်တဲ့ လူငယ်ပရိုဂရမ်ကို ဖန်တီးခဲ့တယ်လို့ ဖရန်ကိုစ်က ဆိုပါတယ်။

သူ့ရဲ့ကုမ္ပဏီဆိုင်ခွဲတွေကို နေရာ (၄) နေရာမှာ ဖွင့်ခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကမှ La La Land Kind Cafe က ကယ်လီဖိုးနီးယားပြည်နယ်မှာ စားသောက်ဆိုင်တစ်ခုဖွင့်ခဲ့ပါတယ်။ ဖရန်ကိုစ်က အောင်မြင်တဲ့ကော်ဖီဆိုင်တွေကို ပိုပြီး ဖွင့်လှစ်ချင်ခဲ့သလို မိဘမဲ့ကလေးတွေက အလုပ်အကိုင်ရဖို့ အခွင့်အရေးတွေနဲ့ ပိုထိုက်တန်တယ်လို့ ခံစားမိတဲ့အတွက် သူ့ဆိုင်တွေလိုပဲ အခြားကုမ္ပဏီတွေကို ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ကော်ဖီဆိုင် ၁၀၀၀ ကို ဖွင့်မယ်ဆိုရင်တောင် ပြဿနာတစ်ခုလုံးကို ဖြေရှင်းနိုင်ဉီးမှာမဟုတ်ပါဘူး။ လူငယ်တိုင်းက သူတို့ရဲ့ဘဝတစ်လျှောက်လုံးကို ကော်ဖီဆိုင်မှာပဲ လုပ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် အခြားကုမ္ပဏီတွေကလည်း ကျွန်တော်တို့လိုပဲ မိဘမဲ့ကလေးတွေကို အလုပ်အကိုင်အခွင့်အလမ်းပေးတဲ့ စနစ်မျိုးဖန်တီးပေးဖို့ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒါမှ သူတို့တွေလည်း ပြဿနာကို ဖြေရှင်းဖို့အတွက် တစ်စိတ်တစ်ပိုင်းပါဝင်နိုင်မှာဖြစ်တယ်” လို့ ဖရန်ကိုစ်က ဆိုထားပါတယ်။

Ref: ABCNews “‘Cafe employs foster kids who have aged out of the system”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top