နနွင်းစားသုံးတာများရင် သံဓာတ်ချို့တဲ့နိုင်လား

28-6-2021-yyl-09.jpg

နနွင်းမှုန့်ကို အာရှနိုင်ငံတွေမှာ ဟင်းလျာထဲ ထည့်ချက်တဲ့ မပါမဖြစ် ဟင်းခတ်မှုန့်ဖြစ်ပါတယ်။ ဟင်းလျာတွေအတွက် နနွင်းမှုန့်ကို အသုံးပြုကြတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတဲ့အတွက်လည်း အသုံးပြုကြတာပါ။ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးတဲ့၊ ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် အခုလိုကာလမှာ ကူးစက်ရောဂါမဖြစ်ဖို့ ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် ပိုပြီး အသုံးပြုလာကြပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေတောင် ပမာဏအများကြီးစားသုံးမိရင် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့အများစု သိထားပြီးသားပါ။ ဒါကြောင့် နနွင်းမှုကိုလည်း ပမာဏအများကြီးစားသုံးမိရင် သံဓာတ်ချို့တဲ့တာလို ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။

နနွင်းနဲ့ သံဓာတ်စုပ်ယူမှု

နနွင်းက ရောင်ရမ်းတာကို လျော့ချပေးပြီး ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပေမဲ့ ပမာဏအများကြီးစားသုံးမိရင် ခန္ဓာကိုယ်အတွင်းက သံဓာတ်စုပ်ယူနိုင်မှုကို လျော့နည်းသွားစေနိုင်ပါတယ်။ သံဓာတ်က သွေးထဲ အောက်စီဂျင်သယ်ပို့ဖို့ တာဝန်ရှိတဲ့ အနီရောင်ပရိုတင်း Haemoglobin ထုတ်လုပ်ဖို့အတွက် ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ သတ္တုဓာတ်ဖြစ်ပါတယ်။

နနွင်းက စားသုံးတဲ့ပမာဏအပေါ်မူတည်ပြီး သံဓာတ်စုပ်ယူနိုင်မှုကို ၂၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ လျော့သွားစေနိုင်ပါတယ်။ သံဓာတ်စုပ်ယူနိုင်မှုကို အဟန့်အတားဖြစ်စေတဲ့ နနွင်းရဲ့ stoichiometric လက္ခဏာကြောင့်ဖြစ်ရတာပါ။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ကလည်း သံဓာတ်မညီမျှမှုတွေဖြစ်စေပြီး သံဓာတ်ချို့တဲ့မှုတွေဖြစ်စေပါတယ်။

နနွင်းကို ဘေးကင်းကင်းနဲ့ စားသုံးနိုင်မယ့် ပမာဏ

နနွင်းက သင့်ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးမဖြစ်ဖို့ နနွင်းကို ချင့်ချိန်စားသုံးပေးသင့်ပါတယ်။ ဟင်းထဲကို လွတ်လွတ်လပ်လပ်ထည့်ချက်ပေးနိုင်ပါတယ်။ နနွင်းကို ဟင်းလျာထဲထည့်ချက်တာမဟုတ်ဘဲ ဖြည့်စွက်ဆေးအဖြစ် သောက်သုံးလာတဲ့အခါမှာ ပြဿနာက စတာပါပဲ။ အစားအစာထဲကို နနွင်း (၂၀၀၀-၂၅၀၀) မီလီဂရမ်ထည့်မယ်ဆိုရင် တစ်နေ့ကို ကာကူမင် (၆၀-၁၀၀) မီလီဂရမ် ထောက်ပံ့ပေးပါတယ်။ ဒီလောက် ကာကူမင်ပမာဏက ဘေးကင်းတဲ့ပမာဏဖြစ်တဲ့အတွက် အန္တရာယ်မဖြစ်စေပါဘူး။ နနွင်းနဲ့ ထုတ်လုပ်ထားတဲ့ဆေးကို တစ်နေ့ ဒီလောက်ပမာဏသောက်သုံးမယ်ဆိုရင် မစိတ်ချရပါဘူး။ ကာကူမင်အားဆေးသောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးတာအကောင်းဆုံးပါပဲ။

ကာကူမင်ပမာဏအများကြီး သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

တစ်နေ့ကို ကာကူမင်ပမာဏအများကြီး စားသုံးမိရင် သံဓာတ်ချို့တဲ့တာအပြင် အစာခြေစနစ်ဆိုင်ရာပြဿနာတွေ၊ ခေါင်းကိုက်တာ၊ အရေပြားနီမြန်းယားယံတာတွေဖြစ်လာနိုင်ပါတယ်။ နနွင်းပမာဏမြင့်မားတာကလည်း အသည်းအရွယ်အစားကြီးလာတာ၊ အစာအိမ်အနာဖြစ်တာ၊ ရောင်ရမ်းတာတွေဖြစ်လာနိုင်ပြီး အသည်းကင်ဆာဖြစ်နိုင်ခြေလည်းများစေပါတယ်။

ကာကူမင်ဖြည့်စွက်ဆေးကို ဘယ်သူတွေ မသောက်သုံးသင့်လဲ

ကာကူမင်က နနွင်းမှုန့်မှာ အများဆုံးပါဝင်တဲ့ ဒြပ်ပေါင်းပါပဲ။ ကျန်းမာရေးအကျိုးကျေးဇူးတွေအတွက် အဲဒီဒြပ်ပေါင်းက တာဝန်ရှိတာပါ။ ဒါပေမဲ့ ကာကူမင်ဖြည့်စွက်အားဆေးကို လူတိုင်းသောက်သုံးဖို့တော့ ထောက်ခံချက်မပေးထားပါဘူး။ သွေးအားနည်းရောဂါ၊ သွေးမတိတ်ရောဂါ၊ ဆီးကျောက်တည်ရောဂါနဲ့ ဆီးချိုရောဂါခံစားနေရတဲ့သူတွေကတော့ ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ အဲဒီလူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

Ref: Can too much turmeric intake lead to iron deficiency?
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top