ပါရာစီတမောနဲ့ ရောမသောက်သင့်တဲ့ အရည်တစ်မျိုး

20-2-2022-yyl8.png

နာကျင်မှုနဲ့ ဖျားနာမှုတွေ ကုသဖို့အတွက် ပါရာစီတမောကို ဆေးဆိုင်တွေကနေ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ခေါင်းကိုက်တာ၊ သွားကိုက်တာ၊ အအေးမိဖျားနာတာတွေအတွက် ဒီဆေးက ချက်ချင်းသက်သာသွားအောင် ကူညီပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကပ်ရောဂါအတွင်းမှာ အဖျားကျဖို့အတွက် ပါရာစီတမောအသုံးပြုမှု ပိုများလာပါတယ်။

Acetaminophen လို့လည်း သိကြတဲ့ ပါရာစီတမောက အိုင်ဗျူပရိုဖန် (Ibuprofen) ထက်တော့ အာနိသင်နည်းပြီး အဖျားပျော့တာနဲ့ မပြင်းထန်တဲ့နာကျင်မှုတွေကို ကုသပေးဖို့အတွက်တင်ပါ။ ပါရာစီတမောကို အလွန်အကျွံသုံးစွဲမိတာ (သို့) မတည့်တဲ့အရည်တစ်မျိုးနဲ့ ရောသောက်မိတာတွေက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။

ပါရာစီတမောနဲ့ ရောမသောက်သင့်တဲ့ အရည်

ဆေးတိုင်းက မတူကွဲပြားစွာ အာနိသင်ပြကြပြီး သင့်ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု မတူပါဘူး။ ဒါကြောင့် ဆေးညွှန်းပေးမယ်ဆိုရင် ဘယ်လိုသောက်ရမလဲဆိုတာ ဆရာဝန်ကို အမြဲတမ်းမေးပါ။ တချို့ဆေးတွေက ဗိုက်ထဲအစာမရှိဘဲ သောက်လို့မရပါဘူး။ ဆေးတွေက အစာအိမ်နံရံတွေကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ပါ။ ပါရာစီတမောနဲ့ ပတ်သက်ပြီး သတိထားရမယ့် အရည်တစ်မျိုးရှိပါတယ်။ အဲဒါကတော့ အရက်ဘီယာပါပဲ။ ပါရာစီတမောကို အဲဒီအရက်ဘီယာတွေနဲ့ ရောမသောက်ပါနဲ့။

ဘာကြောင့် ရှောင်ကျဉ်သင့်တာလဲ

အရက်ဘီယာမှာ အီသနောလ် (Ethanol)ပါဝင်ပါတယ်။ အီသနောလ်ကို ပါရာစီတမောနဲ့ ရောလိုက်မယ်ဆိုရင် မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ၊ သတိလစ်တာ (သို့) ထိန်းညှိနိုင်စွမ်းမဲ့တာတွေဖြစ်လာစေနိုင်ပါတယ်။ ညဘက် အရက်ဘီယာတွေ အများကြီးသောက်ပြီးနောက် ပါရာစီတမောသောက်မယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒီ (၂) မျိုးကို ပေါင်းစပ်လိုက်တာက အသည်းမှာ အဆိပ်အတောက်ဖြစ်နိုင်ခြေများလာနိုင်ပါတယ်။ ဒါ့အပြင် အရက်က ဆေးရဲ့အာနိသင်ကို လျှော့နည်းသွားစေတယ်လို့လည်း သိထားကြပါတယ်။

ပါရာစီတမောတင်မဟုတ်ဘဲ အရက်ဘီယာကို အခြားဆေးတွေနဲ့ ရောသောက်တာလည်း မကောင်းပါဘူး။ ဆရာဝန်ဆီက ဆေးကို သောက်တဲ့အခါတိုင်း ဘာနဲ့ သောက်ရမလဲ၊ ဘာတွေကို ရှောင်ကျဉ်သင့်လဲဆိုတာ မေးပါ။

ဘေးကင်းတဲ့ ပါရာစီတမောပမာဏ

ပါရာစီတမောက အာနိသင်ပျော့တဲ့ ဆေးဖြစ်ပေမဲ့ အကန့်အသတ်နဲ့ သောက်သင့်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် တစ်ခါသောက်ရင် ပါရာစီတမော (၁) ဂရမ်နဲ့ တစ်နေ့ကို ၄ ဂရမ် (၄၀၀၀ မီလီဂရမ်) က သောက်သုံးဖို့အတွက် စိတ်ချရပါတယ်။ သတ်မှတ်ချက်ထက်ကျော်ပြီး သောက်သုံးမယ်ဆိုရင် အသည်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ နေ့တိုင်း အရက် (၃) ခွက်လောက် သောက်တတ်တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပြီးမှ ပါရာစီတမော (၂) ဂရမ်ထက် ပိုမသောက်သင့်ပါဘူး။ ၂ နှစ် အထက်ကလေးတွေကတော့ ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်း သောက်သုံးပေးပါ။ ပါရာစီတမော သောက်သုံးရမယ့်ပမာဏကို အတိအကျသိရဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးပါပဲ။

ပါရာစီတမောကို ဆေးပြားမဟုတ်ဘဲ အရည်သောက်တာဆိုရင် သောက်သုံးမယ့်ပမာဏကို တိုင်းတာပါ။ ဆေးအရည်တွေကို အလွန်အကျွံသောက်သုံးတာက လူတွေ လုပ်မိတဲ့ အဖြစ်များတဲ့အများတွေထဲက တစ်ခုပါ။ ဝါးစားရတဲ့ဆေးပြားတွေကို မြိုမချခင် သေချာဝါးပေးပါ။ ပါရာစီတမောကို ပမာဏကန့်သတ်ပြီး သောက်သုံးရင်တောင် အကြောင်းအရင်းမရှိဘဲ နေ့တိုင်း ပုံမှန်လိုမျိုး မသောက်သုံးပါနဲ့။

ပါရာစီတမောနဲ့ ဓာတ်မတည့်တဲ့လူတွေရှိပါတယ်။ ဒါကြောင့် ပါရာစီတမောမသောက်သုံးခင် သင့်နဲ့တည့်မတည့် သေချာအောင်လုပ်ပါ။ သင့်မှာ အသည်းပြဿနာ (သို့) အရက်သောက်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် ပါရာစီတမောမသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ဆေးသောက်ပြီးနောက် အင်ပျဉ်ထတာ၊ အသက်ရှုကြပ်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်းတွေဖောရောင်လာတာစတဲ့ ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်လာရင် ချက်ခြင်း ဆရာဝန်ပြကြည့်သင့်ပါတယ်။

Ref: TOI “Do not take paracetamol with these drinks”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top