ပျောက်ဆုံးသွားခဲ့တဲ့ စိန်လက်စွပ်ကို မုန်လာဥမှာ စွပ်လျက်သား ပြန်တွေ့

8815848-3x2-700x467.jpg

ကနေဒါနိုင်ငံ အနောက်ပိုင်းရှိ အယ်လ်ဘာတာပြည်နယ်(Alberta) အလယ်ပိုင်းအယ်လ်ဘာတာ (Central Alberta) တွင်နေထိုင်သူ မေရီဂရမ်(Mary Grams) ဆိုတဲ့ အမျိုးသမီးဟာ ၂၀၀၄ ခုနှစ်တုန်းက သူမရဲ့ စိုက်ပျိုးရေးခြံမှ ပေါင်းပင်များကို နုတ်ရင်း သူမရဲ့ စေ့စပ်လက်စွပ်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။

ပျောက်ဆုံးသွားစဉ်တုန်းက စေ့စပ်လက်စွပ်ကို သေချာရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့တဲ့အတွက် ထိုအချိန်ကတည်းက သူမရဲ့လက်စွပ်ဆုံးသွားပြီလို့ သတ်မှတ်ထားခဲ့ပါတယ်။

လက်စွပ်ပျောက်ဆုံးတုန်းက မေရီဂရမ်ဟာ စိတ်ပျက်ခဲ့ပြီး သူမရဲ့ခင်ပွန်းဖြစ်သူက ၁၉၅၁ ခုနှစ်ကတည်းက ပေးခဲ့တဲ့လက်စွပ်လေးဖြစ်တဲ့အတွက် ပိုတန်ဖိုးထားမိတယ် လို့ဆိုပါတယ်။ လက်စွပ်လေး ပျောက်ဆုံးသွားခဲ့တဲ့အတွက် ယောင်္ကျားကိုလည်း အသိမပေးရဲဘဲ လက်ဝတ်ရတနာဆိုင် တစ်ဆိုင်သွားကာ ဈေးပေါတဲ့လက်စွပ်ကို အစားထိုး ဝတ်ဆင်ခဲ့ရတယ် လို့ မေရီဂရမ်က ဆိုပါတယ်။

ဒါပေမဲ့ ဒီတစ်ပတ်အတွင်း သူမလက်စွပ်ကိုပျောက်ဆုံးပြီး ၁၃ နှစ်အကြာမှာ သူမရဲ့ ချွေးမဖြစ်သူက လယ်ကွင်းထဲမှ ညစာအတွက် မုန်လာဥနုတ်ရင်း စေ့စပ်လက်စွပ်လေးကို ပုံပျက်နေတဲ့ မုန်လာဥမှာ စွပ်လျက်သား တွေ့ခဲ့ရပါတယ်။ ဥစ္စာမှန်တဲ့အတွက် ပျောက်ဆုံးနေတဲ့ လက်စွပ်လေးဟာ  အသက် ၈၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မေရီဂရမ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဂရမ်ဟာ နောက်ဆုံးမှာ မုန်လာဥကို လှီးခဲ့ပြီး လက်စွပ်ကို ယူကာ သေချာဆေးကြော ဝတ်ဆင်ခဲ့ပါတယ်။ “ကျွန်မလက်စွပ်လေးကို ကျောက်မျက်ရတနာဆိုင်သွားပြီး ပြင်ရဦးမယ်ထင်တာ။ ဒါပေမဲ့ ကျွန်မလက်နဲ့ တော်နေတုန်းပါပဲ ”လို့  သူမက ပြောဆိုခဲ့ပါတယ်။

မုန်လာဥများမှာ လက်စွပ်များကို စွပ်လျက်သားတွေ့ရတာ ဒီတစ်ကြိမ်ကပထမဆုံးမဟုတ်ဘဲ ၂၀၁၂ ခုနှစ်ကလည်း ဆွီဒင်မြောက်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ သူမရဲ့ လက်စွပ်ကို စွပ်လျက်သားပြန်တွေ့ခဲ့ပြီး မနှစ်ကလည်း ဂျာမန် အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့လက်စွပ်ကို မုန်လာဥနီမှာ စွပ်လျက်သား ပြန်တွေ့ခဲ့ပါတယ်။

Ref : Guardian News : Canadian woman, 84, finds long-lost diamond ring wrapped around carrot

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top