အာလူးကြော်အိတ်ထဲ ဘာ့ကြောင့်လေ ဖြည့်ထား ရပါသလဲ။

အာလူးကြော်အိတ်တွေထဲမှာ လေကတစ်ဝက်လောက်နီးပါး ပါနေတာ ကြုံဖူးကြမှာပါ။ တစ်ချို့လူတွေကတော့ လေတွေက အိတ်တစ်ဝက်လောက် နေရာယူနေတာ ကို မကျေမနပ်ဖြစ်ကြမှာပါပဲ။ စားဖို့အာလူးကြော်က တစ်ဝက်လောက်ပဲ ပါတာကိုး။

ဒါပေမယ့် ဒီလိုမျိုး အိတ်ထဲကိုလေတစ်ဝက်ဖြည့်ထားတာက အကြောင်းအရင်းရှိပါတယ်။ ဒီလိုဖြည့်ထားမှသာ အာလူးကြော်ကြွပ်ကြွပ်ရွရွလေးကို ပုံစံမပျက်စားသုံးနိုင်မှာပါ။

အမှတ်တမဲ့ကြည့်ရင်တော့ အိတ်ကလေတွေနဲ့ချည်း ပြည့်နေတယ်ထင်ရပေမယ့် သိပ္ပံနည်းကျလုပ်ထားတဲ့ အကြောင်းရင်းတစ်ခုရှိပါသေးတယ်။ ဒီလိုဖြည့်ထားရတဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ထိခိုက်ကျိုးပျက်မှုများကို ကာကွယ်နိုင်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ တာရှည်ခံဖို့ဖြစ်ပါတယ်။ လွတ်နေတဲ့နေရာလေးတွေကို လေဖြည့်ထားပြီး သယ်ယူပို့ဆောင်တဲ့နေရာမှာ ပွတ်တိုက်ဖိချေခံရပြီး ကျိုးကြေပျက်စီးမှုများကို ကာကွယ်ရန်ဖြစ်ပါတယ်။ လေမဖြည့်ပဲ ဒီအတိုင်း အာလူးကြော်ချည်းထည့်ထားတဲ့အထုပ်က လေဖြည့်ထားတဲ့အထုပ်ထက်ပိုပြီး ကြေမွပျက်စီးဖို့ ပိုမိုလွယ်ကူပါတယ်။

တစ်ကယ်တော့ အာလူးကြော်ထုပ်တွေထဲဖြည့်ထားတာက လေ( အောက်စီဂျင်) မဟုတ်ပါဘူး။ ဒါတွေက နိုက်ထရိုဂျင်တွေပါ။ အောက်စီဂျင်က အာလူးကြော်တွေကို ပျော့ပြီး ပျက်စီးသွားအောင်၊ စားလို့အဆင်မပြေတော့အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် နိုက်ထရိုဂျင်ကတော့ တာရှည်ခံကြွပ်ရွနေအောင်၊ စားတဲ့အခါအရသာရှိအောင် လုပ်ပေးပါတယ်။ ဒါဟာ နိုက်ထရိုဂျင်ဖြည့်ထားရခြင်း အကြောင်းရင်းဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း အမေရိကန်တွေဟာ ပျှမ်းမျှအားဖြင့် အာလူးကြော်လေးပေါင်လောက် စားဖြစ်ပါတယ်။ အမေရိကန်မှာ တစ်နှစ်ကို တစ်ဒဿမငါးဘီလီယံပေါင်ရှိတဲ့ အာလူးကြော်တွေကို စားကြပါတယ်။ ဒီ့အတွက် နိုက်ထရိုဂျင်တွေ တော်တော်များများကို သုံးထားပါတယ်။ ဒါဟာကျန်းမာရေးနဲ့မကိုက်ညီဘူးထင်ရင် အိမ်မှာကိုယ့်ဘာသာကိုယ် သန့်ရှင်းလတ်ဆတ်စွာ ကြော်စားနိုင်ပါတယ်။ အာလူးကြော်ထုပ် အပြင် လေဖြည့်ထားတဲ့ စားစရာတော်တော်များများဟာ ဒီနည်းလမ်းအတိုင်း အသုံးပြုထားကြတာ ဖြစ်ပါတယ်။

Ref: Reader’s Digest : There’s a Reason Potato Chip Bags are always Empty at the Top

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top