မူးယစ်ဆေးဝါးသုံးစွဲသူများအား ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ချမှတ်ရန် ဥပဒေ အတည်ပြု

27-7-2020-yyl-030.jpg

နေ့စဉ်ကြုံနေရတဲ့ လူမှုအဖွဲ့အစည်းမှာဆိုရင် ပြစ်မှုတစ်ခုခုကျူးလွန်မိတဲ့ သူတွေကို လူမှုအဖွဲ့အစည်းရဲ့ အန္တရာယ်တွေ အဖြစ် သတ်မှတ်ဆက်ဆံလေ့ရှိကြတယ်။

တချို့သော ကိစ္စရပ်တွေမှာ ဆိုရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းတွေပြုလုပ်ပြီး ပြစ်မှုကျူးလွန်မှုနှုန်းကို တားဆီးဖို့အထိ စဉ်းစားကြတာတွေရှိလာတယ်။ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်မှုတွေက ပြစ်မှုကျူးလွန်မှုတွေကို အလုံးစုံလျှော့ချနိုင်မှာလား။ တင်းကြပ်တဲ့ ပြစ်ဒဏ်ချမှတ်မှုနဲ့ ဥပဒေ မရှိရင်ရော ဒီလို ပြစ်မှုတွေကို တားဆီးကာကွယ်နိုင်ပါ့မလား။

ဆွီဒင် နိုင်ငံ နဲ့ နော်ဝေနိုင်ငံ တို့မှာတော့ ပြစ်မှုကျူးလွန်မှုနှုန်းလည်း နည်းပါးပြီး ပြစ်ဒဏ်ချမှတ်ခြင်းတွေနဲ့ ပတ်သက်လာရင်လည်း ရာဇဝတ်သားတွေအပေါ်မှာ လူသားဆန်ဆန်စာနာပြီး လျှော့ပေါ့စဉ်းစားပေးလေ့ရှိတယ်လို့ တွေ့ရပါတယ်။

     အခု လက်ရှိ မြန်မာနိုင်ငံအနေနဲ့လည်း အဖြစ်များတဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမှုနဲ့ ပက်သက်ပြီးတော့ ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ပဲ ချမှတ်ရန် အတွက် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ဩဂုတ် ၁၆ ရက်မှာ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။ ဥပဒေ ပြဌာန်းပြီးတဲ့နောက် ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေအတွက်ပဲ ဒီဥပဒေက အကျုံးဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အခု အတည်ပြုလိုက်တဲ့ ဥပဒေကိုတော့ ပညာရှင်တွေ၊ ကိုယ်စားလှယ်တွေ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းစဉ်းစား ပြီး ဆုံးဖြတ်ထားတာပဲ ဖြစ်ပါတယ်။

      အတည်ပြုလိုက်တဲ့ ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူဟာ ထောင်ဒဏ် အစား လူမှုရေးအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ သစ်ပင်ပန်းမန်စိုက်ပျိုးတာ၊ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ လမ်းတံတားတွေ ပြုပြင်တာ၊ လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျိုးပြုလုပ်ငန်းတွေကို တစ်ရက် နှစ်နာရီနဲ့ အနည်းဆုံး နာရီ ၁၈ဝကနေ အများဆုံး နာရီ ၂၄၀ အထိ ကိုယ်ပိုင်လုပ်အားနဲ့ အခမဲ့ လုပ်ကိုင်ဆောင်ရွက်ပေးသွားရမှာပါ။ ကြီးကြပ်သူတွေရဲ့ ရှေ့မှာ နှိမ့်ချတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့သဘော မသက်ရောက်တဲ့ သတ်မှတ်ထားတဲ့ ဝတ်စုံကိုဝတ်ဆင်ပြီး လုပ်ကိုင်ရမှာပါ။

     တစ်ဖက်မှာလည်း မူးယစ်ဆေးသုံးစွဲသူတွေဟာ ထောင်ဒဏ်အစား လူမှုရေး ပြစ်ဒဏ်ကို ကျခံရတော့မှာ ဖြစ်တဲ့ အတွက် အခါခါကျူးလွန်နေရင် ဘယ်လို ဆက်လုပ်မလဲဆိုကတော့ နည်းဥပဒေရေးဆွဲတဲ့ အခါ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက DVB ရဲ့ အင်တာဗျူးမှာ ဖြေထားတာ တွေ့ရပါတယ်။

      အခုလို လူမှုရေးပြစ်ဒဏ်အဖြစ်ပြောင်းလဲ ချမှတ်လိုက်တဲ့ အတွက် လတ်တလောမှာ လက်မခံနိုင်စရာ အကြောင်းပြချက်တွေကလည်း ရှိချင်ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပြောင်းလဲလိုက်တဲ့ ဥပဒေက ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်ပေါ်လာစေမှာလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။  

Zym (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top