ဂရိနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးမထိုးနှံတဲ့ အသက် ၆၀ ကျော်တွေကို ဒဏ်ရိုက်သွားမယ်

2.12.2021yyl8.jpg

ကိုဗစ်ရောဂါပျံ့နှံ့မှုကို နှေးကွေးသွားစေဖို့ အားထုတ်တဲ့အနေနဲ့ ဂရိနိုင်ငံက အသက် ၆၀ ကျော်လူတွေကို မဖြစ်မနေ ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံး သတ်မှတ်ထားတဲ့ အသက်အရွယ်အပိုင်းအခြားကို အဓိကထားကာ ကာကွယ်ဆေးမဖြစ်မနေထိုးပေးမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံဖို့ ပျက်ကွက်တဲ့သူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ အသက် (၆၀) ကျော် ဘယ်သူမဆို ယူရို ၁၀၀ (ဒေါ်လာ ၁၅၉) ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) က သက်ကြီးပိုင်းဂရိလူမျိုး (၁) သန်းရဲ့တစ်ဝက်ကျော်က ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးပါဘူး။ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲပေမဲ့လည်း ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။ လက်ရှိ အင်ဒိုနီးရှား၊ မိုင်ခရိုနီရှား၊ တာ့ခ်မင်နစ္စတန်နိုင်ငံတွေမှာ ကာကွယ်ဆေးကို မဖြစ်မနေထိုးနေရတဲ့အပြင် နိုင်ငံပေါင်း ၃၀ ကျော်ကလည်း တာဝန်တွေထမ်းဆောင်နေရတဲ့ဝန်ထမ်းတွေကို မဖြစ်မနေ ကာကွယ်ဆေးထိုးနှံပေးနေကြတာပါ။

လက်ရှိမှာတော့ ဂရိနိုင်ငံက လူဉီးရေ ၁၁ သန်းအနက် ကာကွယ်ဆေးထိုးနှံထားသူ ၆၃ ရာခိုင်နှုန်းရှိပါတယ်။ “ကျွန်တော်တို့ရဲ့နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းအားထုတ်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့ အခုကစပြီး မဖြစ်မနေ လုပ်ဆောင်ရပါလိမ့်မယ်” လို့ မစ်ဆိုတာကစ်က ဆိုပါတယ်။ ဂရိနိုင်ငံရဲ့အဓိကအတိုက်အခံပါတီဖြစ်တဲ့ Syria က အခုလိုဒဏ်ရိုက်တာနဲ့ပတ်သက်ပြီး ငွေကြေးအရ အလွန်အကျွံလုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အဲဒီစည်းမျဉ်းကို အာဏာပိုင်‌တွေက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကျင့်သုံးကြမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ ဒါပေမဲ့ နိုင်ငံအတွင်း ပျမ်းမျှလစဉ်လစာက ယူရို ၇၃၀ (ဒေါ်လာ၁၁၆၀) ဖြစ်တဲ့အတွက် ဂရိလူမျိုးအများစုအတွက် ဒဏ်ကြေးက သိသိသာသာအရေးပါလာမှာဖြစ်ပါတယ်။

ဂရိနိုင်ငံရဲ့နေ့စဉ်ကိုဗစ်လူနာတွေ့ရှိမှုက လအစမှာပဲ (၈၉၆၉) ဖြစ်လာခဲ့ပြီး ၇ ရက်တာတွေ့ရှိမှုက (၆၃၀၀) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ကိုဗစ်ကပ်ရောဂါစတင်ကတည်းက ဂရိနိုင်ငံမှာ ကူးစက်ခံရသူ (၉၃၁,၁၈၃) နဲ့ သေဆုံးသူ (၁၈,၀၆၇) ရှိခဲ့ပါတယ်။

ဂျာမနီ၊ စပိန်၊ နယ်သာလန်အပါအဝင် ဉရောပနိုင်ငံတော်တော်များများမှာ အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကူးစက်ခံရသူတွေ့ရှိနေပေမဲ့ ဂရိနိုင်ငံမှာတော့ မတွေ့ရှိသေးပါဘူး။

Ref: Ladbible “Greece Will Fine People Over 60 Who Haven’t Received Covid-19 Vaccination”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top