အလွန်ကြီးမားသော နျူထရွန်ကြယ်တိုက်ခက်မှုအား ထောက်လှမ်းမိခဲ့

yyl-012.png

ဆွဲငင်အားလှိုင်းများကို တိုင်းတာဖို့ အဓိကရည်ရွယ်ထားတဲ့ LIGO(Laser Interferometer Gravitational-Wave Observatory) မှ နက္ခတ်ဗေဒပညာရှင်များဟာ ဒုတိယအကြိမ်အဖြစ် အဝေးမှာရှိတဲ့ နျူထရွန်ကြယ် ၂ လုံး တိုက်ခက်မှုမှ အခြေခံလာတဲ့ လှိုင်းများကို ထောက်လှမ်းမိခဲ့ကြပါတယ်။ (နျူထရွန်ကြယ်များဆိုတာကတော့ အလွန်သိပ်သည်းပြီး တွင်းနက်တစ်လုံးဖြစ်သည်ထိလည်း ဒြပ်ထုမကြီးမားခဲ့တဲ့ ကြယ်အကြွင်းအကျန်များဖြစ်ကြပါတယ်။)

LIGO မှသိပ္ပံပညာရှင်များဟာ တကယ်တော့ ပြီးခဲ့တဲ့ ဧပြီလအတွင်းကတည်းက ဒီတိုက်ခက်မှုမှထွက်လာတဲ့ ဆွဲငင်အားလှိုင်းများကို ထောက်လှမ်းမိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလှိုင်းများရဲ့ ရင်းမြစ်ကိုတော့ အခုချိန်မတိုင်ခင်အထိ အဖြေမရှာနိုင်ဖြစ်နေခဲ့ကြပါတယ်။ ဒီနျူထရွန်ကြယ် ၂ လုံးဟာ ထင်ထားတာထက် ဒြပ်ထုများ အလွန်အမင်းကြီးနေတာကြောင့် သူတို့ရဲ့ တိုက်ခက်မှု/ပေါင်းစည်းမှုဟာ ထူးခြားတယ်လို့ ဆိုရမှာဖြစ်ကြောင်း သူတို့ရဲ့ ကြေညာချက်အတွင်းမှာ ရေးသားထားပါတယ်။ ဒီကတစ်ဆင့် အခုလို အသစ်ဖြစ်ပေါ်လာတဲ့ ကြယ်များဟာ ဘယ်လိုစတင်ဖွဲ့စည်းခဲ့ပြီး အချိန်ကာလတစ်လျှောက် ဘယ်လို ပြောင်းလဲနိုင်သလဲဆိုတာကို လေ့လာဖို့ အခွင့်အရေး ပေးနိုင်ပါလိမ့်မယ်။

ဒီတွေ့ရှိမှုနဲ့ ပတ်သက်တဲ့စာတမ်းကို ဒီလအစောပိုင်းက ဟာဝိုင်အီမှာပြုလုပ်ခဲ့တဲ့ ၂၃၅ ကြိမ်မြောက် American Astronomical Society အစည်းအဝေးမှာတင်ပြခဲ့တာဖြစ်ပြီး The Astronomical Journal ကိုတော့ တင်ပြထားဆဲဖြစ်ပါတယ်။ LIGO မှရရှိထားတဲ့ အချက်အလက်များအရ ဒီ ဒွန်တွဲနျူထရွန်ကြယ် ၂ လုံးတိုက်ခက်မှုဟာ ယခင်က တွေ့ရှိထောက်လှမ်းမိထားတဲ့ ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီအတွင်းမှ ကြယ် ၂ လုံး တိုက်ခက်မှုထက် အတော်လေးကြီးမားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီအဖြစ်အပျက်ကို ပိုမိုတိကျစွာ ရှင်းပြနိုင်ဖို့အတွက် သိပ္ပံပညာရှင်များဟာ ယခင်ကထက် ပိုမို (ဒြပ်ထု) scale ကြီးမားတဲ့ မော်ဒယ်များကို တင်သွင်းသွားကြရတော့မှာလည်း ဖြစ်ပါတယ်။ ဒါဟာ လက်ရှိမော်ဒယ်များအတွက် ပုံမှန်မဟုတ်လောက်အောင် လေးလံတဲ့ ပေါင်းစည်းမှုကြီးဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။

“ယခင်က နည်းလမ်းများအတိုင်း တိုင်းတာထားမှုအရ ကျွန်တော်တို့ ဂလက်ဆီအတွင်းမှာ ဒွန်တွဲနျူထရွန်ကြယ်အဖွဲ့အစည်း(binary neutron star system) ၁၇ ခုကို ထောက်လှမ်းမိပြီးဖြစ်ပြီးတော့ သူတို့ရဲ့ ဒြပ်ထုများကိုလည်း မှန်းဆတွက်ထုတ်ပြီး ဖြစ်ပါတယ်။ အခု အံ့သြစရာတစ်ခုကတော့ ဒီနျူထရွန်ကြယ် ၂ လုံးပေါင်းစည်းမှုဟာ မျှော်လင့်ထားတာထက် လွန်စွာ ဒြပ်ထုများပြားနေခြင်းပဲ ဖြစ်ပါတယ်” လို့ LIGO နဲ့ University of Oregon မှ သုတေသီတစ်ဦးဖြစ်သူ Ben Farr က ပြောကြားခဲ့ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

သတင်းရင်းမြစ်: Gravitational Waves Surge Through the Fabric of Space and Time After Neutron Stars Violently Collide [LIGO via SciTechDaily]

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top