အသက်ငယ်ငယ်လေးနဲ့ ဗြိတိန်ရဲ့ အရည်အချင်းပြည့်မီတဲ့လေယာဉ်မှူးဖြစ်လာခဲ့သူ

yyl-014-9.jpg

အခုခေတ်ကလေးတွေက နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်ကြတယ်ဆိုတဲ့ အချက်ကို ဘယ်သူမှငြင်းမယ်မထင်ပါဘူး။ အခုလည်း ၂၀၀၁ခုနှစ်ဖွား ဆက်သ် ဘန် ဘီခ် (Seth Van Beek) ဟာ ပေါင် ၈၅,၀၀၀တန် သင်တန်းကို (၁၈)လကြာ လေ့လာသင်ယူခဲ့ပြီးတဲ့နောက်မှာ လေယာဉ်မောင်းနှင်ဖို့အတွက် လိုင်စင်ရခဲ့ပြီး UK ရဲ့အသက်အငယ်ဆုံးလိုင်စင်ရ လေယာဉ်မှူးဖြစ်လာခဲ့ပါတယ်။

ဆက်သ်က အသက် (၈) နှစ်ကတည်းက လေယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ သူ့အမေက သူ့အိပ်မက်ကို ဖြည့်ဆည်းပေးဖို့အတွက် မိသားစုပိုင်အိမ်ကို ရောင်းပစ်ခဲ့ရပါတယ်။ သူ့အမေဖြည့်ဆည်းပေးတာနဲ့ တန်အောင် သူဟာ အရည်ချင်းရှိတဲ့ လိုင်စင်ရလေယာဉ်မှူးဖြစ်လာခဲ့ပါတယ်။ အရင်ကတော့ UKရဲ့အသက်အငယ်ဆုံး လိုင်စင်ရလေယာဉ်မှူးဖြစ်ခဲ့သူက အသက်(၁၉) နှစ်မှာ သေဆုံးခဲ့တဲ့ လုခ် အက်စ်ဝဲသ် (Luke Elsworth) ဖြစ်ပါတယ်။

ဆက်သ်က ပေါင် ၈၅၀၀၀တန် လေယာဉ်သင်တန်းကျောင်းအတွက် ဂရိကို ပြောင်းရွေ့တက်ရောက်ခဲ့တာပါ။ အခုတော့ သူဟာ အလုပ်ရှာဖွေနေပြီး တစ်နေ့တော့ ဗြိတိန်လေကြောင်းလိုင်းမှာ ပျံသန်းခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။ “လေယာဉ်မောင်းနှင်ချင်တာက ကျွန်တော့ရဲ့အိပ်မက်ပါပဲ။ နောက်ထပ်လုပ်ချင်တာ မရှိတော့ပါဘူး။ လေယာဉ်ပျံသန်းတာနဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ကျွန်တော်ချစ်မြတ်နိုးပါတယ်။ ကျွန်တော်အရွယ်ရောက်လာတဲ့အခါမှာ ကျွန်တော့အချစ်က စွဲလမ်းမှုဖြစ်လာခဲ့ပါတယ်။ လေ့ကျင့်သင်ယူမှု အတွေ့အကြုံတွေက ကျွန်တော့်ကို စိတ်ပျက်မသွားစေတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ လူတွေက သူတို့ရဲ့အိပ်မက်တွေ နောက်လိုက်ကြတယ်။ ကျွန်တော့အမေကြောင့် ကျွန်တော့အိပ်မက်တွေ တကယ်ဖြစ်လာတဲ့အတွက် ကျွန်တော် အရမ်းကံကောင်းတဲ့ သူတစ်ယောက်ပါပဲ” လို့ ဆက်သ်က ပြောပါတယ်။

ဆက်သ်က အသက် (၁၆) နှစ် (ဇန်နဝါရီ ၂၀၁၈ခုနှစ်) မှာ ဝင်ခွင့်စာမးပွဲ ဖြေဆိုအောင်မြင်ခဲ့ပြီး Egnatia Aviation Training College ကို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဧပြီလမှာတော့ the prestigious Mediterranean flight academy မှာ (၁၈) လ training ဆင်းခဲ့ရပါတယ်။ သူက UKမှာ လေ့ကျင့်သင်ယူနိုင်ပေမယ့်လည်း ဂရိမှာ သင်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသက်အငယ်ဆုံး လိုင်စင်ရလေယာဉ်မှူးဆိုတဲ့စံချိန်ကို ချိုးနိုင်ခဲ့တာပါ။

ဆက်သ်က Kavala International Airport မှာလည်း သီအိုရီမေးခွန်းတွေ၊ လေယာဉ်ပျံသန်းခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်ချက်တွေ အပါအဝင် စာမေးပွဲ (၁၄) ခုကို ဖြေဆိုခဲ့ရပါတယ်။ ၂၀၁၉ခုနှစ် စက်တင်ဘာလက အတန်းထဲမှာ အမှတ်အများဆုံးနဲ့ ဘွဲ့ရရှိခဲ့ပြီး တစ်လအကြာမှာ European Aviation Safety Agency ကနေ ယာဉ်မောင်းလိုင်စင်ရခဲ့ပါတယ်။

“ကျွန်တော် အရာရာတိုင်းကို စဉ်းစားလိုက်တဲ့အခါ အရမ်းစိတ်ထိခိုက်ရပါတယ်။ ကျွန်တော့ပညာရေးက မည်မည်ရရမဟုတ်ပေမဲ့ ဆက်သ်ကို သူဖြစ်ချင်တဲ့အရာ ဖြစ်အောင်လုပ်ဖို့ အမြဲတမ်းတွန်းအားပေးခဲ့ပါတယ်။ ဟိုအရင်ကတည်းက သူ့ကို ကျွန်တော်ပြောခဲ့တာက သူ ယုံကြည်ချက်ရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်နေသရွေ့ စိတ်ထဲမှာရှိတဲ့ ဖြစ်ချင်တဲ့ဘယ်အရာမဆို ရယူနိုင်လိမ့်မယ်ဆိုတာပါပဲ” လို့ ဘဏ္ဍာရေးမန်နေဂျာ ဖရန်စ်က ပြောပါတယ်။ ဆက်သ်က လေကြောင်းလိုင်းကောင်းကောင်းမှာ အလုပ်ရပြီး သူ့မိခင်နဲ့ အနစ်နာခံဖြည့်ဆည်းမှုတွေကို ပြန်ပေးစပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: My career is ready to take off! Youth, 18, becomes Britain’s youngest qualified commercial airline pilot

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top