ဟာဗေး မုန်တိုင်းဒဏ်ကြောင့် ရေကြီးခဲ့ပြီး အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် လူပေါင်း ၂၀၀၀ ခန့် ပြောင်းရွှေ့ခဲ့ရ

97564100_eloopatmarketstreet.jpg

အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်းရှိ တက်ဆက်စ်ပြည်နယ် (Texas)၊ ဟူစတန်မြို့ (Houston) တွင် အပူပိုင်းမုန်တိုင်း ဟာဗေးကြောင့် ရေကြီးမှု ဖြစ်ပေါ်နေပြီး လူပေါင်း ၂၀၀၀ ခန့်ကို ကယ်ဆယ် ခဲ့ရပါတယ်။ ရေကြီးမှုကြောင့် သွားလာရေးယာဉ်များ နစ်မြုပ်နေပြီး လူသေဆုံးမှု ရှိလား၊ မရှိလားဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တက်ဆက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရဂ် အက်ဘော့ (Greg Abbott) ကတော့ မုန်တိုင်းကြောင့် သေဆုံးတဲ့ လူဦးရေစာရင်းကို သူ့အနေနဲ့ အခုချိန်မှာ အတည်မပြုနိုင်သေးဘူးလို့ မီဒီယာများကို ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ယခု ရေကြီးမှုဟာ မကြုံစဖူး  ရေကြီးခြင်းဖြစ်ပြီး ဟူစတန်မြို့နဲ့ အနီးတစ်ဝိုက်မှာ ရုတ်တရက် ရေလွှမ်းမိုးနေတဲ့အတွက် အရေးပေါ် အခြေအနေဖြစ်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဟာဗေးမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦး အမိုးများစွာ လွင့်စင်သွားခဲ့ပြီး တက်ဆက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရဂ်အက်ဘော့ရဲ့ အဆိုအရ တက်ဆက်စ်ပြည်နယ်မှာ ကားလမ်းပေါင်း ၂၅၀ ခန့်ကို မုန်တိုင်းဒဏ်ကြောင့် ပိတ်ထားခဲ့ရပြီး ကောင်တီ ၁၉ ခုမှာ သမ္မတဒေါ်နယ်ထရမ့် ထုတ်ပြန်ကြေညာတဲ့  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ မိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် လူ ၃ ယောက် သေဆုံးမှုကိုသာ အတည်ပြုရသေးကြောင်း သိရပါတယ်။

ဟူစတန်မြို့ အုပ်ချုပ်ရေးအာဏာပိုင်များကတော့ မြို့နေ ပြည်သူများကို ရေကြီးနေတဲ့အချိန် အပြင် မထွက်ရန်ပြောဆိုထားပြီး လှေပိုင်တဲ့သူတွေကို ဒုက္ခရောက်နေသူများအား ကယ်ဆယ်ပေးရန် တောင်းဆိုနေကြပါတယ်။ ဟူစတန်မြို့မှာရှိတဲ့ လေယာဉ်ကွင်း နှစ်ကွင်းကိုလည်း ပြေးလမ်းများ အကုန်လုံး ရေမြှပ်သွားခဲ့တဲ့အတွက် လေကြောင်းလိုင်း ပြေးဆွဲခြင်းများအားလုံး ရပ်တံ့ထားပါတယ်။

အိမ်ဖြူတော်ကတော့ မနက်ဖြန်၊ အင်္ဂါနေ့မှာ အမေရိကန်သမ္မတ ထရမ့်ဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးမှုများကို လေ့လာကြည့်ရှုရန် တက်ဆက်စ်ပြည်နယ်သို့ လာရောက်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ၂ နာရီ (19:00 GMT) မှာ အမေရိကန်နိုင်ငံ မိုးလေဝသဌာနက ဟူစတန်မြို့မှာ ဩဂုတ်လ မိုးရေချိန်ဟာ ၂၅.၅၀ လက်မ (၆၄.၈  စင်တီမီတာ) ရှိခဲ့ပြီး စံချိန်တင် မိုးရွာသွန်းမှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဟူစတန်မြို့ဟာ မကြုံစဖူး သဘာဝဘေးအန္တရာယ်ကို ခံစားနေရပြီး ပိုဆိုးလာဖို့ရှိတဲ့အပြင် တက်ဆက်စ်ပြည်နယ် အရှေ့တောင်ဘက်ပိုင်းမှာ ရေကြီးနိုင်ခြေများတယ်လို့ ရာသီဥတု ခန့်မှန်းသူတွေက ပြောဆိုခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် လေပြင်းများတိုက်ခတ်နေပြီး လျှပ်စစ်ဒဏ်အားများ ပြတ်တောက်နေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့များလည်း ထိထိရောက်ရောက် မကယ်ဆယ်နိုင်သေးပါဘူး။ ဟူစတန်မြို့ရှိ ကမ်းခြေစောင့် တပ်ဖွဲ့ကတော့ ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်များကို ထပ်မံတောင်းခံထားတယ် လို့သိရပါတယ်။ မုန်တိုင်းမစဲခင် ဟူစတန်မြို့မှာ နောက်ထပ် လက်မ ၄၀ လောက် မိုးထပ်ကြီးနိုင်ပါသေးတယ်။ ဟူစတန်ဟာ အမေရိကန်နိုင်ငံရဲ့ စတုတ္ထမြောက် အကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး လူဦးရေ ၆.၆ သန်းခန့်နေထိုင်ကြတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

ဟာဗေးမုန်တိုင်းဟာ ဟာရီကိန်းမုန်တိုင်း အမျိုးအစား နံပါတ် ၄ ဖြစ်ပြီး သောကြာနေ့က စတင်တိုက်ခိုက်ခဲ့ကာ အမေရိကန်နိုင်ငံမှာ ၁၃ နှစ်အတွင်း ပထမဆုံး ဖြစ်ပွားတဲ့ မုန်တိုင်းအမျိုးအစားလည်း ဖြစ်ပါတယ်။ (ဟာရီကိန်း = အတ္တလန်တိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်း၌ဖြစ်ပေါ်သည့် လေမုန်တိုင်း)။ ဟာဗေး မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ အထိ တိုက်ခတ်နေဦးမှာဖြစ်တယ်လို့ ခန့်မှန်းထားကြပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ချာလေမုန်တိုင်းနဲ့ ၁၉၆၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဟာရီကိန်း ကာလာ မုန်တိုင်းတို့ပြီးရင် ယခုတိုက်ခတ်နေတဲ့ ဟာဗေးမုန်တိုင်းဟာ အားအပြင်းဆုံးဖြစ်ပါတယ်။

Ref : BBC News : Storm Harvey: Up to 2,000 rescued as Houston hit by ‘catastrophic floods

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top