နှလုံးအစားထိုးကုသမှု ခံယူထားတဲ့ ဆယ်ကျော်သက်တစ်ဦး ပထမဆုံးကျောင်းတက်ရက်မှာ သေဆုံး

screen-shot-2017-08-21-at-1-10-53-pm.png

အသက် ၁၃ နှစ်အရွယ် ပေတန်ဝက်စ် (Peyton West) ဟာ မတ်လတုန်းက နှလုံးအစားထိုး ခွဲစိတ်ကုသမှုကို ခံယူထားသူဖြစ်ပါတယ်။ သူဟာ နှလုံးဘယ်ဘက်ခြမ်း အားနည်းတဲ့ရောဂါ (Hypoplastic left heart syndrome) နဲ့ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးလလုံးလုံး ပေတန်ဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့တယ်လို့ သူ့ရဲ့ဖခင်ဖြစ်သူ ကိုရေးဝက်စ် (Corey West) က ပြောခဲ့ပါတယ်။ သူဟာ မက္ကဆီကန် အစားအစာကို ကြိုက်နှစ်သက်ပြီး ဘောလုံးအားကစားဟာ သူ့အကြိုက်ဆုံး ဖြစ်လာခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘောလုံးအားကစားဟာ သူ့ကိုနှလုံးလှူပေးခဲ့တဲ့ အလှူရှင် ဒဲရက်ခ် (Derek) ရဲ့ အနှစ်သက်ဆုံး အားကစားဖြစ်ပါတယ်။

ကြာသပတေးနေ့တုန်းက ပေတန်ဟာ အိုဟိုင်းရိုးပြည်နယ် ဂေါ့ရှ်ဟန်း (Goshen) မှာရှိတဲ့ကျောင်းမှာ ၇ တန်းတက်ရောက်ဖို့အတွက် စိတ်လှုပ်ရှားစွာ နိုးထလာပါတယ်။ သူဟာ အလွန်ပျော်ရွှင်နေပုံပဲ လို့ သူ့အဖေက ပြောပါတယ်။ အဲ့ဒီနောက် သူတို့မိသားစုက ဓာတ်ပုံအတူရိုက်ကြပါသေးတယ်။ ဒါပေမယ့် နောက် ၁၅ မိနစ်အကြာမှာ သူ့အစ်ကို အီသန် (Ethan) က ပေတန်ကိုကျောင်းမှာ ချပေးခဲ့ပြီးနောက် အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ ကားပေါ်မှာ သူသိပ် နေလို့မကောင်းဘူးလို့ ပေတန်ကပြောတယ်လို့ အီသန်ကပြန်ပြောပြပါတယ်။ အဲ့ဒီနောက် ပေတန် ရုတ်တရက်လဲကျသွားပါတယ်။ အီသန်ဟာ သူ့ကိုသယ်ဆောင်ပြီး ကျောင်းဆေးခန်းဆီ ပြေးပါတယ်။ အဲ့ဒီကနေ ဆေးရုံကိုတန်းပို့ပါတယ်။ ဆရာဝန်တွေက သူ့ကို ၂နာရီခွဲကြာအောင် ကြိုးစားကယ်ဆယ်ကြပေမယ့် ပေတန်ဟာ ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။

ပေတန်ဟာ အသက် ၅ နှစ်အရွယ်မှာ တတိယမြောက် ခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပါတယ်။ အဲ့တုန်းကလည်း သေလုနီးပါး ဖြစ်ခဲ့တယ်ဆိုပါတယ်။ သူက အကောင်းမြင်တတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ဦးပါ။ ဖျားနာ နေမကောင်းဖြစ်နေတာတောင်မှ တစ်ယောက်ယောက်များ အခန်းထဲဝင်လာရင် ချက်ချင်းပြုံးလိုက်တဲ့သူပါလို့ သူ့အဖေက ပြောပါတယ်။ ဇန်နဝါရီလမှာ ပေတန်ရဲ့နှလုံးက အခြေအနေ ပိုဆိုးလာတဲ့အတွက် အစားထိုးကုသမှ ရပါတော့မယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲ့ဒီနောက် မတ်လမှာ နှလုံးအလှူရှင်တွေ့ပြီး အစားထိုး ကုသခဲ့ပါတယ်။

ဆရာဝန်တွေနဲ့ မိသားစုတွေဟာ ဘာအမှားအယွင်းများ ရှိခဲ့သလဲဆိုတာ ဝေခွဲမရဖြစ်နေကြပါတယ်။ ဖြစ်နိုင်ချေကတော့ ပေတန်ရဲ့ခန္ဓာကိုယ်ဟာ နှလုံးအသစ်ကို လက်ခံဖို့ ငြင်းပယ်တာ ဒါမှမဟုတ် ကူးစက်ရောဂါတစ်ခုခု ဖြစ်တာလို့ ခန့်မှန်းကြပါတယ်။ ပေတန်ရဲ့မိဘတွေက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဖို့ သဘောတူခဲ့ကြပါတယ်။ ပေတန်ဟာ သူ့ရဲ့နှလုံးအလှူရှင် ဒဲရက်ခ်ကို တွေ့မြင်ချင်နေခဲ့ပါတယ်။ အခုတော့ ကောင်းကင်ဘုံမှာ သူတို့ပြန်ဆုံနေကြပါပြီလို့ သူ့အဖေက ပြောကြားခဲ့ပါတယ်။

Ref: CNN: Boy with heart transplant dies on first day of school

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top