ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှား ကျူးကျော်နိုင်ခြေများတယ်လို့ အမေရိကန်သမ္မတ ပြော

28-2-2022-yyl14.jpg

ရှေ့လထဲမှာ ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ခြေများတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေမှာ သူတို့ရဲ့ အဓိကတောင်းဆိုချက်တွေကို အမေရိကန်က ပယ်ချလိုက်ပြီးနောက်မှာတော့ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အကောင်းမြင်စရာတစ်ကွက်မှမရှိဘူးလို့ ရုရှားက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် သိန်းချီ တပ်စွဲထားလို့ ကျူးကျော်တိုက်ခိုက်မယ့်အရေးကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ယူဆချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က ယူကရိန်းသမ္မတ ဇီလင်စကီးနဲ့ ဖုန်းပြောချိန်မှာ ဖေဖော်ဝါရီလအတွင်း ရုရှားက ကျူးကျော်လာနိုင်ဖွယ်ရှိတယ်လို့ ဂျိုးဘိုင်ဒင်က ပြောခဲ့တာပါ။ ” ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ခြေရှိတယ်လို့ သမ္မတ ဘိုင်ဒင်က ပြောခဲ့တယ်။ သူက ဒါကို လူသိရှင်ကြား ပြောခဲ့တာပါ။ ဒီကိစ္စကို ကျွန်တော်တို့ သတိပေးနေတာ လနဲ့ချီနေပါပြီ” လို့ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမ်မလီဟွန်းက ပြောပါတယ်။

ရုရှားက ယူကရိန်းက နောက်ထပ်ကျူးကျော်မှုလုပ်လာရင် ထိထိရောက်ရောက် တုံ့ပြန်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေ အသင့်ရှိနေတယ်ဆိုတာကိုလည်း သမ္မတဘိုင်ဒင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ရုရှားက လက်နက်ကြီးတွေ ရွှေ့ပြောင်းနိုင်စေဖို့အတွက် ယူကရိန်းနိုင်ငံမှာ အပူချိန် ရေခဲမှတ်အောက် ကျဆင်းမယ့်အချိန်ကို စောင့်ဆိုင်းဖွယ်ရှိတယ်လို့ စစ်ရေးကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ ရုရှားဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ တောင်ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့သလို ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘက်စ်ဒေသ နေရာအများအပြား သိမ်းယူထားတဲ့ ခွဲထွက်ရေးလက်နက်ကိုင်တွေကိုလည်း ပံ့ပိုးပေးခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ထပ်မံကျူးကျော်မယ်ဆိုရင် ရုရှားရဲ့ဓာတ်ငွေ့တွေကို ဥရောပအနောက်ပိုင်းထံတင်ပို့မယ့် အဓိကဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်မှုကို ရပ်ဆိုင်းပစ်မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အမေရိကန်က ခြိမ်းခြောက်ခဲ့ပါတယ်။ မိုင် ၇၆၀ ရှည်လျားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ၅ နှစ်အချိန်ယူ တည်ဆောက်ခဲ့ရတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကုန်ကျခဲ့ပါတယ်။ ဘော်တစ်ပင်လယ်အောက်ကနေ သွယ်တန်းမယ့် ဓာတ်ငွေ့ပိုက်လိုင်းဟာ ဂျာမနီနိုင်ငံထံ ရုရှားရဲ့ ဓာတ်ငွေ့တင်ပို့မှု ၂ ဆမြင့်တက်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Ref: BBC “Ukraine crisis: Biden warns Russia may invade next month”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top