ရှားပါးတဲ့အာရုံကြောရောဂါခံစားနေရတာကြောင့် ရှိုးပွဲတွေ ရွှေ့ဆိုင်းလိုက်ရတဲ့ စီလင်းဒီယွန်

9-12-2022-yyl02.jpg

တိုင်တန်းနစ်ဇာတ်ကားရဲ့ဇာတ်ဝင်တေးအဆိုရှင် စီလင်းဒီယွန်ဟာ ရှားပါးတဲ့အာရုံကြောရောဂါကို ခံစားနေရတဲ့အတွက် နောက်နှစ်ပြုလုပ်မယ့် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်တဲ့အပြင် အခြားရှိုးပွဲတွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ သူ့ရဲ့လမ်းလျှောက်နိုင်စွမ်းနဲ့သီချင်းဆိုနိုင်စွမ်းအပေါ် သက်ရောက်စေတဲ့ Stiff-Person Syndrome ရှားပါးအာရုံကြောရောဂါကို ခံစားနေရတယ်ဆိုတာကို စီလင်းဒီယွန်က ကြာသပတေးနေ့က ကြေညာခဲ့တာပါ။

“ကံမကောင်းစွာနဲ့ပဲ ကြွက်သားတောင့်တင်းထုံကျင်တာက ကျွန်မရဲ့နေ့စဉ်ဘဝကို ထိခိုက်စေပါတယ်။ တစ်ခါတလေ ကျွန်မ လမ်းလျှောက်ရခက်ခဲတယ်။ ကျွန်မ ဆိုနေကျပုံစံအတိုင်း သီချင်းဆိုဖို့အတွက် အသံကြိုးတွေကိုလည်း အသုံးပြုလို့မရနိုင်ဖြစ်ခဲ့ရတယ်။ ဖေဖော်ဝါရီမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြန်စတင်ဖို့ ကျွန်မ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ဒီနေ့ မင်းတို့ကို ပြောပြရတာ စိတ်မကောင်းဖြစ်ရတယ်”လို့ သူက အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ပြောထားပါတယ်။

၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ထားခဲ့ရတဲ့ The Courage ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ဆက်လက်ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ အခု အဲဒီကမ္ဘာလှည့်ဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ်အထိ ရွှေ့ဆိုင်းထားလိုက်ပါပြီ။ အခြားရှိုးပွဲတွေကိုလည်း လုံးဝဖျက်သိမ်းလိုက်ပါတယ်။ အရင်ကလည်း သူ့ရဲ့ကျန်းမာရေးပြဿနာတွေကြောင့် မြောက်အမေရိကဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ပါသေးတယ်။

စီလင်းဒီယွန်ရဲ့ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာဖို့အတွက် ဆရာဝန်အဖွဲ့က ကူညီလုပ်ဆောင်ပေးနေပြီး ကလေးတွေကလည်း ပံ့ပိုးကူညီပေးနေပါတယ်။
ဂရမ်မီ (၅) ကြိမ်ရ စီလင်းဒီယွန်က သူ့အနေနဲ့ စင်မြင့်ထက်မှာ ထပ်ပြီးဖျော်ဖြေရဖို့ အားမလျှော့ဘူးလို့ ပြောပါတယ်။ “ကျွန်မ သိတဲ့အရာအားလုံးက သီချင်းဆိုတာပါပဲ။ ဒါကို ကျွန်မဘဝတစ်လျှောက်လုံး လုပ်လာခဲ့တာပါ။ ဒါကို လုပ်ရတာအကြိုက်ဆုံးပါပဲ”တဲ့။

Stiff-Person Syndrome ရောဂါက ကြွက်သားတွေတောင့်တင်းထုံကျင်ပြီး လမ်းလျှောက်လို့မရ လှုပ်မရဖြစ်စေပါတယ်။ လူသားရုပ်ထုကြီးဖြစ်သွားတယ်လို့လည်း အလွယ်ပြောကြပါတယ်။ ရောဂါဖြစ်ရတဲ့အကြောင်းအရင်းကို တိတိကျကျမသိရသေးတဲ့အပြင် ပျောက်ကင်းအောင်လည်း ကုသလို့မရပါဘူး။ ဒီရောဂါကို လူတစ်သန်းမှာ တစ်ဦးသာဖြစ်တတ်ပြီး အသက် ၃၀ နဲ့ ၆၀ ကြားလူတွေမှာပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။

Ref: Tribune “Celine Dion reveals she has rare neurological disorder, postpones shows”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top