ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

Mosquito-Bite_HEADER.jpg

နေရာတကာမှာ ရှောင်မရအောင်ကြုံတွေ့နေရတာ ခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ရှောင်ဖို့ခက်တယ်နော်။ ညဘက်များဆို တော်တော်လေးကိုဆိုးပါတယ်။ ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ခြင်ကိုက်ဖုတွေဖြစ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါရစေ။

ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်

ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင်

ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင်ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာ ပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်တော်လေးကြာတဲ့အထိဖြစ်နိုင်ပါတယ်။

ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကိုဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ဒါကြောင့်အလှပျက်စေမဲ့ ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။

ခြင်ဆေးထွန်းမယ် – ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုက ခြင်ဆေးထွန်းထားတာပါ။ဒါကြောင့် သင့်မိသားစုကိုခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့အရည်အသွေးအပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကိုသုံးရင်းကာကွယ်နိုင်ပါတယ်။

နေအိမ်မှာ ကလေးငယ်လေးတွေရှိလို့ဖြစ်ဖြစ်၊ လေအေးပေးစက်တပ်ထားလို့ဖြစ်ဖြစ် ခြင်ဆေးခွေသုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကိုအသုံးပြုပေးလို့ရပါတယ်

ခြင်ဖျန်းစပရေးအသုံးပြုမယ် – နေအိမ်မှာ ကလေးငယ်လေးတွေရှိလို့ဖြစ်ဖြစ်၊ လေအေးပေးစက်တပ်ထားလို့ဖြစ်ဖြစ် ခြင်ဆေးခွေသုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကိုအသုံးပြုပေးလို့ရပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

ခြင်ကိုက်တာနဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ ပိုဆိုးလာနိုင်သလို ရောဂါပိုးကူးစက်တာတွေဖြစ်နိုင်ပါတယ်။

(၁) သွားတိုက်ဆေး

သွားတိုက်ဆေးမှာ ပူရှိန်းပါဝင်တာကြောင့် အရေပြားမှာဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ သွားတိုက်ဆေးရဲ့နောက်ထပ်အာနိသင်တွေက သွေးတိတ်စေတာနဲ့ အရေပြားရောင်ရမ်းနာကျင်တာတွေကို လျော့ပါးသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ ခြင်ကိုက်ဖုလေးအပေါ်ကု သွားတိုက်ဆေးခပ်ပါးပါးလေးလိမ်းလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်လိမ်းပေးလို့ရပါတယ်။

(၂) ပျားရည်

ပျားရည်က အသေးစားရောဂါတွေအတွက် သဘာဝဆေးတစ်မျိုးပါ။ ပျားရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ရောဂါပိုးကူးစက်ခံရတာကို ကာကွယ်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး အနာကျက်စေနိုင်ပါတယ်။ နောက်တစ်ချက်က ခြင်ကိုက်ခံရတာကြောင့်ဖြစ်တဲ့ ယားဖုတွေကို မြန်မြန်သက်သာစေနိုင်တာပါ။ ခြင်ကိုက်ဖုတွေဖြစ်တဲ့အခါ ယားဖုပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။

(၃) သံပရိုသီး

ခြင်ကိုက်ဖုတွေအတွက်သက်သာစေတဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့ နေအိမ်မှာတွေမှာ အလွယ်တကူရရှိနိုင်တဲ့ သံပရိုသီးပါ။ သံပရိုသီးမှာ အက်ဆစ်ဓာတ်ပါဝင်နေပြီး ခြင်ကိုက်တာကြောင့်ဖြစ်တဲ့နာကျင်ရောင်ရမ်းမှုတွေကိုလျော့ပါး သက်သာစေနိုင်ပါတယ်။ နောက်ထပ်တစ်ချက်က ခြင်ကိုက်ဖုရဲ့ ယားယံမှုကိုပါသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရပြီး အရေပြားမှာ အဖုအပိမ့်တွေဖြစ်မယ်ဆိုရင် သံပရိုသီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ခြင်ကိုက်ဖုပေါ်ကို သံပရိုခြမ်းနဲ့ ပွတ်တိုက်လိုက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်အထိထားလိုက်ပါ။ ခြင်ကိုက်ခံရပြီးပြီးချင်းလုပ်လေ ထိရောက်မှုပိုများလေလေပါ။

(၄) ပင်စိမ်း (Basil)

ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သိထားတဲ့ ပင်စိမ်းကို ခြင်ကိုက်ဖုတွေသက်သာအောင်အသုံးပြုလို့ရပါသေးတယ်။ ပင်စိမ်းမှာပါတဲ့ eugenol လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးက ခြင်ကိုက်ခံရလို့ဖြစ်လာတဲ့ ယားဖုတွေကို လျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ လက်ဖက်ရည်ခွက်နဲ့ ရေနှစ်ခွက်စာကို ဆူအောင်တည်ပြီး ရေနွေးဆူလာရင် အခြောက်ခံထားတဲ့ ပင်စိမ်းရွက် လက်တစ်ဆုပ်စာကိုထည့်လိုက်ပါ။ ပြီးရင် အအေးခံလိုက်ပါ။ ောက်တစ်ဆင့်အနေနဲ့ကတော့ ဂွမ်းစ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးနဲ့ ပြုတ်ရည်ကိုတို့ပြီး ခြင်ကိုက်ဖုပေါ်မှာဆွတ်ပေးပါ။ ပင်စိမ်းရွက်ကို ကြိတ်ခြေပြီး လူးပေးလို့လည်းရပါတယ်။

(၅) ရေခဲ

အေးမြမှုနဲ့ရေခဲတို့က အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အအေးဓာတ်က အရေပြားကို ထုံသွားစေပြီး ခဏလောက်တော့ သက်သာမှုရစေပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ အရေပြားယားယံမှုကို သက်သာစေဖို့အတွက် ရေခဲအိတ်ကပ်ပေးတာ ဒါမှမဟုတ် ရေခဲရေနပြဆေးချတာမျိုးလုပ်လိုက်ပါ။ ရေခဲကပ်တဲ့အခါ ၅ မိနစ်ထက်ပိုမကပ်ပါနဲ့။ အရေပြားထိခိုက်ပျက်စီးနိုင်တာကြောင့်ပါ။ ရေခဲကပ်တဲ့အခါမှာလည်း အရေပြားကိုတိုက်ရိုက်ကပ်တာမျိုးမလုပ်သင့်ပါဘူး။ အဝတ်စသန့်သန့်လေးတစ်ခုနဲ့ ရေခဲတွေကို ထုပ်ပြီးကပ်ပေးပါ။

(၆) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က အရေပြားအတွက်ကောင်းတယ်ဆိုတာအထွေအထူးတောင်ပြောစရာမလိုပါဘူး။ ရှားစောင်းလက်ပပ်ရဲ့ အတွင်းသားက နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ နောက်တစ်ခုက အနာကျက်စေနိုင်ပြီး ရောဂါကူးစက်ခံရနိုင်ခြေကျဆင်းစေတာပါ။ ခြင်နဲ့အင်းဆက်ကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ ရှားစောင်းလက်ပပ်အတွင်းသားကိုမထူမပါးလေးလှီးပြီး ခြင်ကိုက်ဖုပေါ်မှာ ပွတ်တိုက်လိုက်ပါ။ ခြောက်တဲ့အထိထားလိုက်ရုံပါ။ သက်သာလာပါလိမ့်မယ်။ ခြောက်သွားတိုင်းထပ်လူးပေးလို့ရပါတယ်။

(၇) မုန့်ဖုတ်ဆိုဒါ

မီးဖိုချောင်ထဲက ဆေးတစ်မျိုးပါ။ မုန့်ဖုတ်ဆိုဒါကို အရေပြားပြဿနာတော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါ ကခြင်ကိုက်တာကြောင့်ဖြစ်တဲ့ ယားယံမှုကိုလည်း သက်သာစေပါတယ်။ ခြင်ကိုက်ခံရတဲ့အခါ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနဲ့ခပ်ပျစ်ပျစ်လေးဖျော်ပြီး ခြင်ကိုက်ဖုပေါ်မှာလူးပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနဲ့ဆေးချပေးလိုက်ပါ။

ခြင်ကိုက်ခံရတဲ့အခါ ယားဖုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်ပြီး ခြင်ကိုက်ဖုတွေကို သက်သာအောင်လုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

Ref: Hello ဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top