ကျန်းမာရေးမကောင်းပေမယ့် ဝမ်းရေးအတွက် အောက်စီဂျင်ဗူးတပ်ကာ တက္ကစီမောင်းစားနေရသူ

4-9-2020-yyl-025.jpg

“ငါ့ဝမ်းပူဆာမနေသာ” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ တချို့လူတွေဟာ စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ဘယ်လောက်ပဲ ကျန်းမာရေးကောင်းကောင်းမကောင်းကောင်း ဝမ်းရေးအတွက် အပြင်ထွက်အလုပ်လုပ်နေကြရတာပါ။ မကြာသေးခင်ကမှ ထိုင်းနိုင်ငံက တက္ကစီမောင်းသမားတစ်ဦးဟာလည်း သူ့ရဲ့စိတ်မကောင်းစရာဇာတ်လမ်းလေးနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့နှလုံးသားကို လှုပ်ခတ်ပစ်ခဲ့ပါတယ်။ တက္ကစီမောင်းသမားကို လူတွေက ဘာလို့သနားသွားရလဲဆိုရင် သြဂုတ်လ ၂၆ ရက်နေ့က Nongying Chuaibamrung ဆိုတဲ့အမျိုးသမီးတင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့်ပါတယ်။ အဲဒီတက္ကစီမောင်းသမားရဲ့ဇာတ်လမ်းလေးက လူတော်တော်များများကို အရမ်းကို ဂရုဏာသက်မိစေပါတယ်။

ဇာတ်လမ်းလေးကတော့ Nongying တက္ကစီငှားတဲ့အချိန်က စတာပါပဲ။ Nongying က ကားထဲဝင်တော့ ဖုန်းပြောနေခဲ့တာပါ။ ဒါပေမဲ့ သူ့ကို စိတ်မသက်မသာဖြစ်အောင် တက္ကစီသမားက ဖြည်းဖြည်းချင်းမောင်းနေတာကို သူ သတိထားမိခဲ့ပါတယ်။ Nongying ဖုန်းချလိုက်တဲ့အချိန်မှာ တက္ကစီသမားက သူ့ခုံနောက်က အောက်စီဂျင်ဗူးက ပြွန်မှာ ပူဖောင်းလေးတွေထားနေလား ကြည့်ပေးဖို့ သူ့ကို ပြောခဲ့ပါတယ်။ အဲဒါနဲ့ သူလည်း စစ်ကြည့်ပေးခဲ့ပြီး ဦးလေး ဘာပြဿနာရှိလို့လဲလို့ မေးခဲ့ပါတယ်။ တက္ကစီသမားဦးလေးကြီး ပြောခဲ့တာက “ငါမှာ ရောဂါပေါင်းစုံပါပဲ။ ငါ့မျက်လုံးတွေက မကောင်းဘူး။ ကျောက်ကပ်ကလည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူး။ ကားမောင်းနေတဲ့အခါမှာတောင် အောက်စီဂျင်ချိတ်ထားရတယ်။ အဆုတ်ရေဝိုင်းတာကြောင့် ငါနဲ့အတူ အောက်စီဂျင်ဗူးရှိနေရမယ်”တဲ့။

Nongying က နောက်ထပ်မေးကြည့်တော့ တက္ကစီသမားဦးလေးကြီးက လက်ရှိ ငှားရမ်းထားတဲ့အခန်းတစ်ခန်းမှာ တစ်ယောက်တည်းနေထိုင်နေပြီး အစိုးရက တစ်လကို လူမှုဖူလုံကြေး ဘတ် ၈၀၀ ပေးပေမယ့် အခန်းငှားဖို့နဲ့ အသက်ရှင်ဖို့ ပိုက်ဆံလိုနေသေးတယ်လို့ ပြောရှာပါတယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် တက္ကစီငှားစားခဲ့တာပါ။ ဒါမှ သူ ပိုက်ဆံဝင်မှာမို့ပါ။ တက္ကစီသမားဦးလေးကြီးရဲ့အကြောင်းကို Nongying ကြားပြီး အရမ်းစိတ်မကောင်းဖြစ်မိတဲ့အတွက် ကားငှားခအပြင် နောက်ထပ်ပိုက်ဆံလည်းပေးခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ ပို့စ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Nongying တင်လိုက်တဲ့ပို့စ်က လူမှုကွန်ယက်ပေါ်မှာ တော်တော်လေးပျံံ့နှံ့သွားခဲ့ပါတယ်။


တက္ကစီသမားဦးလေးကြီးက သူနေလို့မကောင်းရင်တော့ တက္ကစီမထွက်ဘူးလို့ ပြောပါတယ်။ သူဟာ ဖြည်းဖြည်းလေးပဲ အမြဲမောင်းလေ့ရှိပါတယ်။ သူ ကားမောင်းနေရင်း နေလို့မကောင်းဘူးဆိုရင် လမ်းဘေးမှာ ခဏရပ်ပြီး နည်းနည်းနားချင်တယ်ဆိုပြီး ခရီးသည်ဆီက ခွင့်တောင်းတယ်လို့ သိရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက တက္ကစီသမားဦးလေးကြီးအကြောင်းကို စုံစမ်းရှာဖွေခဲ့ပြီးတဲ့နောက်မှာ နာမည်က Sumeth Singpun ဆိုတာကို သိခဲ့ရပါတယ်။ တက္ကစီသမားဦးလေး Sumeth Singpun က ကျောက်ကပ်မကောင်းတာအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဆုတ်ရေဝိုင်းတာ၊ ခြေထောက်ရောင်ရမ်းတာ၊ ခြေချောင်းတချို့ဖြတ်ပစ်ရတာတွေလည်း ရှိပါတယ်။ တက္ကစီသမားဦးလေးကြီးမှာ သားတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ သူ့သားကလည်း လစာနည်းတဲ့အလုပ်ကိုလုပ်နေရတဲ့အတွက် သူ့အဖေကို လတိုင်း မပို့ပေးနိုင်ခဲ့ပါဘူး။ ဦးလေးကြီးးက သူ့ဖုန်းကို ရောင်းပစ်လိုက်တဲ့အတွက် သူ့သားနဲ့လည်း အဆက်အသွယ်လုပ်လို့မရခဲ့ပါဘူး။

ဦးလေးကြီးက အဆုတ်ရေဝိုင်းနေတဲ့အတွက် လဲလျောင်းပြီးတော့တောင် အိပ်လို့မရပါဘူး။ လဲလျောင်းပြီး အိပ်လိုက်ရင် အသက်ရှုကျပ်မှာဖြစ်တဲ့အတွက် ထိုင်ရင်းနဲ့ အိပ်ရပါတယ်။ သူ့ခြေထောက်ကလည်း ထိုင်တာများရင် ရောင်လာတဲ့အတွက် အချိန်အကြာကြီးလည်း ထိုင်လို့မရဘူးလို့ Channel 3 Thai News အရ သိရပါတယ်။ သတင်းအဖွဲ့သားတွေဟာ သြဂုတ်လ ၂၈ ရက်နေ့က တက္ကစီဦးလေးကြီး Sumeth ဆီကို အလည်သွားတဲ့အခါမှာ လှိုက်လှိုက်လှဲလှဲကို ကြိုဆိုရှာပါတယ်။ “ကြင်နာပြီး ရက်ရောတဲ့လူတော်တော်များများက သူ့ဆီကို လာပြီး အကူအညီပေးနေကြတယ်”လို့လည်း ပြောပါတယ်။

တကယ်တော့ Sumethရဲ့သားက သူ့အဖေအတွက် Donation Channel ကို ထောင်ပေးခဲ့တဲ့သူဖြစ်တယ်လို့ သတင်းအဖွဲ့သားတွေက ပြောခဲ့ပါတယ်။ Sumeth ကို သူ့သားနဲ့ ဖုန်းကနေတဆင့် အဆက်အသွယ်ရဖို့အတွက် သတင်းအဖွဲ့သားတွေက လုပ်ပေးခဲ့ပါတယ်။ အချိန်အကြာကြီးနေမှ သားအဖနှစ်ဦး ပထမဆုံးဖုန်းပြောခွင့်ရခဲ့တာဖြစ်ပြီး Sumeth က သူ့သားကို အရမ်းလွမ်းနေတဲ့အတွက် ဖုန်းပြောနေရင်းနဲ့ ငိုခဲ့ပါတယ်။

Donation Channel ကနေတဆင့် Sumeth အတွက် လှူဒါန်းငွေ ဘတ် (၁၁၈၉,၇၈၇) လက်ခံရရှိခဲ့ပါတယ်။ အခုတော့ လှူဒါန်းမှုကို ပိတ်ထားပါတယ်။ ပိုက်ဆံတွေကို အိမ်သေးသေးလေးတစ်လုံးနဲ့ အခြားလိုအပ်တာလေးတွေ ဝယ်ဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ Sumeth ကပြောပါတယ်။ လှူဒါန်းငွေတွေက သူ့ရဲ့ဆေးကုသစရိတ်အတွက်လည်း လုံလောက်ပါတယ်။ လူတော်တော်များများက သူ့ကို တက္ကစီမမောင်းဖို့ အကြံပေးကြတဲ့အတွက် တက္ကစီသမားအဖြစ် ဆက်ပြီးအလုပ်လုပ်တော့မှာမဟုတ်ဘူးလို့လည်း Sumeth က ပြောပါတယ်။ Sumeth က သူ့ကို လှူဒါန်းပေးကြတဲ့လူတိုင်းကို အရမ်းကျေးဇူးတင်ခဲ့ပြီး သူ့လိုအပ်ချက်နဲ့ ပိုကိုက်ညီတဲ့ အလုပ်သစ်ကို ရှာဖွေတော့မယ်လို့လည်း သိရပါတယ်။

Ref: WorldofBuzz “Disease-Riddled Thai Uncle Uses Oxygen Support While Driving A Taxi To Survive”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top