တိရစ္ဆာန်အစာကုမ္ပဏီရဲ့ နွေးထွေးတဲ့ တုံ့ပြန်မှု

20-6-2022-yyl10.jpg

မကြာသေးခင်ကပဲ အန်နာရဲ့ခွေးလေး ဂက်စ်က သေသွားခဲ့တယ်။ အန်နာက ဂက်စ် မသေခင် သူ့အတွက် အစာတွေ မှာပေးထားတာပါ။ ဒါပေမဲ့ အစာထုပ်အသစ် မဖောက်ရသေးခင်မှာပဲ ဂက်စ် သေသွားခဲ့တယ်။ ဒီတော့ အန်နာက မဖောက်ရသေးတဲ့ အစာထုပ်ကို ဆိုင်ပြန်သွင်းလို့ရမလားဆိုပြီး ချီဝီ(Chewy)ထံ လှမ်းဆက်သွယ်ခဲ့တယ်။ ချီဝီဆိုတာ အွန်လိုင်းပေါ်ကနေ တိရစ္ဆာန်အစာ ရောင်းချတဲ့ အမေရိကန်ကုမ္ပဏီပါ။ ချီဝီရဲ့ တုံ့ပြန်မှုက အန်နာအတွက်တင်မက၊ ကြားသိရသူတွေကိုပါ နွေးထွေးသွားစေတယ်။

” ချီဝီက အစာထုပ်အတွက် ငွေပြန်အမ်းပေးတယ်။ ပြီးတော့ အဲဒီအစာထုပ်ကို ကျွန်မ ဆန္ဒရှိတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာအတွက် လှူလိုက်ပါတဲ့။ ကျွန်မနဲ့ စကားပြောခဲ့တဲ့သူက သူကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ပန်းစည်းလက်ဆောင်လည်း ပို့လိုက်သေးတယ်” လို့ အန်နာက တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ အန်နာရဲ့ Tweet က အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး like လုပ်သူ ၇၂၈,၀၀၀ ကျော်၊ မှတ်ချက်ပေးသူ ရာချီ ရှိခဲ့ပါတယ်။

ချီဝီကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း တိရစ္ဆာန်ဂေဟာတွေနဲ့ ကယ်ဆယ်ခံ တိရစ္ဆာန်တွေအတွက် အမေရိကန်ဒေါ်လာ ၉၇ သန်းကျော် တန်ကြေးရှိတဲ့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေ လှူဒါန်းပေးခဲ့တာပါ။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် အမေရိကန်ရဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအဖြစ် Newsweek ရဲ့ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

အကြင်နာတရားဟာ ဘယ်လောက်ပဲ သေးငယ်တယ်လို့ ထင်ရပါစေ၊ ကြီးမားတဲ့ သက်ရောက်မှု ရှိစမြဲဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။

Ref:SunnySkyz ” Chewy’s Act Of Kindness Goes Viral”

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top