လူကုံတန် သားအဖနှစ်ယောက် ဈေးဝယ်စင်တာထဲက ထွက်လာပြီး ကားပါကင်ဆီ သွားနေတုန်း ဆင်းရဲနွမ်းပါး ကလေးတစ်ယောက် သူတို့နား ကပ်လာပြီး ” ကျွန်တော့်မှာ ဝတ်စရာမရှိလို့ ကူညီကြပါဦးခင်ဗျာ” လို့ ငိုပြီး ပြောတယ်။ သူ့အဝတ်အစားတွေကလည်း ပေါက်ပြဲ စုတ်ပြတ်နေတာ အမှန်။
အဖေ လုပ်သူက သနားသွားပြီး ” မင်း အသက် ဘယ်လောက်ရှိပြီလဲ ကောင်လေး”လို့ မေးတော့ ” ၁၀ နှစ် ရှိပါပြီ”လို့ ပြန်ဖြေရှာတယ်။
” ဒါဆို ဦး သားနဲ့ အသက်အတူတူပဲပေါ့။ ဝယ်လာတဲ့ အဝတ်အစားသစ်တွေဆို မင်းနဲ့ တော်လောက်မယ်”
” ဂျက်ဖ်ရေ။ အဖေတို့ ဝယ်လာတဲ့ အဝတ်အစားသစ်တွေ သူ့ကို ပေးချင်လား။ အဖေတို့က မနက်ဖြန် ထပ်လာဝယ်လို့ ရပါတယ် ငါ့သားရာ”လို့ ပြောလိုက်တော့ သားဖြစ်သူက ” ကောင်းသားပဲ ဖေဖေ”လို့ လေသံတိုးတိုးလေးနဲ့ ပြောတယ်။
ဆင်းရဲနွမ်းပါး ကောင်လေးလည်း အဝတ်အစားသစ်တွေ ရသွားတော့ အရမ်းပျော်ပြီး မျက်နှာဝင်းပသွားတယ်။ ကျေးဇူးစကား တဖွဖွ ပြောရှာတယ်။
” ဒါနဲ့ လူလေးက ဘယ်မှာ နေတာလဲကွ”
” ဒီလမ်း တည့်တည့်ဆင်းသွားရင် တံတားတွေ့မယ်။ အဲဒီတံတားအောက်မှာ နေတာပါ ဦး”
လူကုံတန် သားအဖနှစ်ယောက်လည်း ဝယ်လာတဲ့အဝတ်အစားသစ်တွေ ပေးပြီး ကားမောင်းထွက်သွားတယ်။
နောက် ၃ လကြာတော့ အဖေလုပ်သူက ဆင်းရဲနွမ်းပါးကောင်လေးကို တံတားအောက်မှာ လာရှာတယ်။ ကောင်လေးကို တွေ့တော့ သူ့ကားဆီ ခေါ်သွားပြီး အဝတ်အစား၊ ဖိနပ်၊ လွယ်အိတ်နဲ့ အရုပ်တွေ ထည့်ထားတဲ့ ပုံးကြီးတစ်ပုံး ပေးတယ်။
” ဒါတွေက ဦး သားပစ္စည်းတွေပဲ။ အခုတော့ မင်းကို ပေးလိုက်တော့မယ်”
ကောင်လေးလည်း အံ့အားသင့်သွားပြီး ပျော်လွန်းလို့ မျက်ရည်တောင် ကျရှာတယ်။ ပြီးတော့မှ ” ဒါနဲ့ ဦးရဲ့ သားရော။ သူက ဒီပစ္စည်းတွေ မလိုတော့လို့လား”လို့ မေးလိုက်တယ်။
” အင်း မလိုတော့ပါဘူးကွာ။ အခုဆို သူက ကောင်းကင်ဘုံ ရောက်နေမှာပါ။ ပြီးခဲ့တဲ့အပတ်ကပဲ ကင်ဆာရောဂါကြောင့် သားလေး ဆုံးသွားရှာပြီကွာ။ သူ ကင်ဆာဖြစ်နေတာ ၃ နှစ်ရှိပြီ။ သူ မခံတော့ဘူးဆိုတာ ဦးတို့လည်း သိပါတယ်။ သူ သေလုဆဲဆဲ ဖြစ်နေချိန်မှာ သူ့ပစ္စည်းတွေအားလုံး မင်းကို ပေးလိုက်ပါဆိုပြီး ဦးကို ပြောခဲ့တာလေ။ သူက တံတားအောက်မှာ နေရတယ်။ အဝတ်အစားလည်း မရှိရှာဘူးတဲ့”
စို့နင့်နေတဲ့ ဖခင်လည်း မျက်ရည်တွေ ဝဲနေလို့ စကားကို တစ်ထောက်ဖြတ်လိုက်တယ်။
” လူလေးက ဆင်းရဲပေမဲ့ မင်းဘဝက ဘယ်လောက် ကောင်းလဲဆိုတာ မင်း သိမှာမဟုတ်ဘူး။ ငွေနဲ့ဝယ်မရတာတွေကို မင်း ပိုင်ဆိုင်ထားတာလေ။ ဦးကတော့ ငွေနဲ့သာ ဝယ်လို့ရမယ်ဆိုရင် သားလေးအတွက် အသက် ၁၀၀ လောက် ဝယ်ပေးလိုက်ချင်ပါရဲ့။ ဒါပေမဲ့ ရမှ မရနိုင်ဘဲလေ။ သားလေးက တန်ဖိုးကြီးပစ္စည်းတွေ ကိုင်ခွင့်ရလို့ လူလေး မနာလိုဖြစ်ကောင်း ဖြစ်မိနိုင်တယ်။ ဒါပေမဲ့ သူ ဘယ်လောက်ခံစား၊ ရုန်းကန်ခဲ့ရသလဲဆိုတာ လူလေး သိမယ် မထင်ပါဘူး။ ဘဝဆိုတာ ဒါပါပဲ လူလေးရယ်” လို့ ဆက်ပြောလိုက်တယ်။
သင်ခန်းစာ
ကိုယ့်ဘဝကို တခြားသူတွေနဲ့ နှိုင်းယှဉ်ရင်း ဘယ်သူမှ မပြည့်စုံဘူး၊ လူတိုင်းကိုယ်စီမှာ သူ့အခက်အခဲနဲ့ သူရှိတယ်ဆိုတာကို ကျွန်တော်တို့ မေ့လျော့နေတတ်ကြပါတယ်။ တခြားသူတွေရဲ့ဘဝကို မနာလိုဖြစ်မယ့်အစား ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခရီးကိုယ် ပျော်ပျော် လျှောက်လှမ်းသင့်ပါတယ်။ ဒီပုံပြင်ထဲက ဆင်းရဲနွမ်းပါး ကလေးမှာ အဝတ်အစား မရှိရှာပေမဲ့ ကျန်းကျန်းမာမာ ရှိပြီး လူချမ်းသာ ကောင်လေးကတော့ အဝတ်အစား အကောင်းစားတွေ ရှိပေမဲ့ လူ့ဘဝမှာ အချိန်ကြာကြာ နေခွင့်မရခဲ့တာဟာ ဘယ်သူမှ မပြည့်စုံဘူးဆိုတဲ့ ပြကွက်ပါပဲ။
Ref: Chima_Dickson
NZ ( ရိုးရာလေး)