မြောက်ကိုရီးယားနိုင်ငံကို တစ်ကျော့ပြန်ခိုလှုံခဲ့တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်မရှိဘူးလို့ တောင်ကိုရီးယားနိုင်ငံ ပြော

27-7-2020-yyl-017.jpg

တောင်ကိုရီးယားနိုင်ငံဘက်ကနေ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမရှိဘူးလို့ တောင်ကိုရီးယားကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားဟာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံထံ ထွက်ပြေးခိုလှုံခဲ့ပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ မြောက်ကိုရီးယားနိုင်ငံထံ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေရှိနေတဲ့ ဒီအမျိုးသားဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး Covid-19 သံသယလူနာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် အတင်းကျပ်ဆုံး အရေးပေါ်စနစ် ကျင့်သုံးဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ မြစ်ဝါမြစ်ကို ဦးတည်နေတဲ့ ရေဆိုးစွန့် ပိုက်လိုင်းထဲက သံဆူးကြိုးအောက်ကနေ တွားသွားပြီး တစ်မိုင်လောက် ရေကူးခဲ့ပြီးနောက်မှာ ဇူလိုင်လ ၁၉ ရက်က မြောက်ကိုရီးယားနိုင်ငံ ကေဆောင်နယ်စပ်မြို့ကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။ ” သူက Covid-19 လူနာစာရင်းမှာ မပါဝင်သလို ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ခံရသူစာရင်းမှာလည်း မပါဝင်ပါဘူး”လို့ တောင်ကိုရီးယားနိုင်ငံ ထိပ်တန်းကျန်းမာရေးအရာရှိ ယွန်တေးဟိုက ပြောပါတယ်။ အဲဒီအမျိုးသားနဲ့ ထိတွေ့မိခဲ့သူနှစ်ယောက်ကို ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး နှစ်ယောက်လုံး ရောဂါပိုးမရှိခဲ့တာ တွေ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားခဲ့ပေမဲ့ အခုချိန်မှာတော့ တော်တော်လေး ထိန်းချုပ်နိုင်ခဲ့ပါပြီ။ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ တစ်ရက်ကို လူနာသစ် ၅၀ ကျော်ရှိနေပြီး လူနာသစ်တော်တော်များများက ပြည်ပကနေ ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ သူတို့ကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တစ်ယောက်မျှ မရှိဘူးလို့ ကြေညာထားပေမဲ့ သူတို့ရဲ့ကြေညာချက်က မဖြစ်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးခိုလှုံခဲ့သူတစ်ယောက် ပြည်တော်ပြန်လာတယ်ဆိုတာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ ၂၀၁၅ ခုနှစ်နောက်ပိုင်း အဲဒီလိုဖြစ်ရပ်မျိုး ၁၁ ကြိမ်ပဲ ရှိခဲ့ဖူးတယ်လို့ တောင်ကိုရီးယားနိုင်ငံ သွေးစည်းညီညွတ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ တကယ်လို့ အခုနောက်ဆုံးဖြစ်ရပ်ကို အတည်ပြု နိုင်မယ်ဆိုရင်တော့ ဒီအမျိုးသားက တောင်ကိုရီးယားကနေ မြောက်ကိုရီးယားနိုင်ငံကို တစ်ကျော့ပြန်ခိုလှုံတဲ့ ၁၂ ယောက်မြောက် ဖြစ်လာမှာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top