Mulan အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးဟောင်ကောင်အဆိုတော် ကိုးကိုးလီ ကြွေလွင့်ခဲ့ရ

6.7.23-yyl-9.jpg

နာမည်ကြီးဟောင်ကောင်အဆိုတော် ကိုးကိုးလီဟာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ပြီးနောက် ဇူလိုင်လ ၅ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၈ နှစ်ရှိပါပြီ။ သူ သေဆုံးခဲ့တယ်ဆိုတာကို သူ့ရဲ့အစ်မဖြစ်သူ ကာရိုနဲ့ နန်စီလီတို့က လူမှုကွန်ယက်ပေါ်ကနေ အသိပေးခဲ့တာပါ။

“ဝမ်းနည်းခြင်းကြီးစွာနဲ့ ဒီကြေကွဲစရာအကောင်းဆုံးသတင်းကို ကျွန်မတို့ ပြောပြဖို့ ရောက်လာပါပြီ။ ကိုးကိုးက နှစ်တော်တော်ကြာ စိတ်ကျရောဂါကို ခံစားနေခဲ့ရပေမဲ့ သူ့ရဲ့အခြေအနေဟာ ပြီးခဲ့တဲ့လအနည်းငယ်ကျော်ကပိုဆိုးရွားလာခဲ့တယ်။ ကိုးကိုးက ကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီတွေယူပြီး စိတ်ကျရောဂါကို ကျော်လွှားဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ နတ်ဆိုးက ပိုကောင်းမွန်တဲ့သူ့ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့က နေအိမ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့လို့ ဆေးရုံတင်ခဲ့ရတယ်။ ကိုမာဖြစ်သွားတဲ့သူ့ကို ကယ်တင်ကုသပေးဖို့ ဆရာဝန်တွေ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ဇူလိုင် ၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်”လို့ အသိပေးခဲ့တာပါ။

ကိုးကိုးလီက အာရှမှာ လူသိများတဲ့ ပေါ့စ်စတားတစ်ယောက်ဖြစ်ပြီး ၁၉၉၀ ပြည့်နဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းကာလတွေမှာ တော်တော်လေး နာမည်ရခဲ့တာပါ။ သူဟာ ၁၉၉၆ ခုနှစ်မှာ Sony Music Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ပွဲဉီးထွက်အယ်လ်ဘမ်က အာရှမှာ ရောင်းအားအကောင်းဆုံးအယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ သူက မန်ဒိုပေါ့ပ်အဆိုတော်အဖြစ် စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကန်တုံဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတွေနဲ့ အယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပါတယ်။ သူ့ရဲ့ “Do You Want My Love” သီချင်းက US ဂီတဇယားတွေထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးအင်္ဂလိပ်အယ်လ်ဘမ်ဖြစ်တဲ့ Just No Other Way က ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

Crouching Tiger, Hidden Dragon ဇာတ်ကားမှာ သူသီဆိုခဲ့တဲ့ “A Love Before Time” သီချင်းက ၂၀၀၁ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမူရင်းသီချင်းအဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။ အဲဒီနှစ်ဆုပေးပွဲမှာလည်း သူ သီဆိုဖျော်ဖြေခဲ့ပါတယ်။ သူဟာ Disney ရဲ့Mulan အန်နီးမေးရှင်းဇာတ်ကားမှာ မူလန်အဖြစ် အသံသရုပ်ဆောင်ပေးခဲ့သလို ဇာတ်ကားရဲ့ဇာတ်ဝင်သီချင်း “Reflection” ကိုလည်း သီဆိုခဲ့ပါတယ်။

ကိုးကိုးလီက ကန်နေဒါနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဘရု ရော့ခ်ကိုဝစ်ဇ်နဲ့ လက်ထပ်ထားပါတယ်။ သူ့မှာ ကလေးအရင်းမရှိပေမဲ့ ယောကျာ်းဘက်ကပါတဲ့ သမီးနှစ်ယောက်တော့ရှိပါတယ်။ ၂၀၂၃ ခုနှစ်က ကိုးကိုးလီရဲ့ဂီတသက်တမ်း အနှစ် ၃၀ ပြည့်မြောက်ဖြစ်ပါတယ်။

Ref: Singer and Voice of ‘Mulan’ CoCo Lee Dead by Suicide at Age 48, Siblings Confirm

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top