အီတလီကမ်းခြေကသဲတွေယူလာမိလို့ ထောင် (၆) နှစ်ချမှတ်ခံရဖို့ရှိနေတဲ့ ပြင်သစ်စုံတွဲ

68731949_2548744351823136_1025466490377207808_n.jpg

ပြင်သစ်နိုင်ငံကစုံတွဲတစ်တွဲကတော့ အီတလီနိုင်ငံရဲ့ နာမည်ကျော် ဆာဒီးနီးယားကျွန်းကမ်းခြေက သဲတွေကိုယူလာမိလို့ ထောင်ဒဏ် (၆) နှစ် ချမှတ်ခံရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ သဲတွေကို အမှတ်တရ လက်ဆောင်အဖြစ်ယူလာခဲ့ပြီး ဥပဒေချိုးဖောက်ရာရောက်မှန်းမသိခဲ့ဘူးလို့ ပြင်သစ်စုံတွဲက ပြောပါတယ်။

ဆာဒီးနီးယားကျွန်းမြောက်ပိုင်၊း ချီယာကမ်းခြေက နာမည်ကျော်သဲဖြူတွေကို ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီး သဲတွေကျုံးမလာကြဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။ ပြင်သစ်စုံတွဲက ပြင်သစ်နိုင်ငံ၊ တူလွန်မြို့ကိုပြန်ဖို့ ကူးတို့လှေပေါ်တက်တော့မယ့်အချိန်မှာ သူတို့ရဲ့ SUV ကားကို အီတလီရဲတပ်ဖွဲ့ကစစ်ဆေးခဲ့ပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ ကားနောက်ဖုံးထဲကနေ ပလတ်စတစ်ဗူး (၁၄) လုံးနဲ့ထည့်ထားတဲ့သဲဖြူတွေ တွေ့ရှိခဲ့တာပါ။ ပြင်သစ်စုံတွဲကတော့ ပြည်သူပိုင်ပစ္စည်းခိုးယူရာရောက်တဲ့အခြေအနေရှိနေပြီး ခိုးမှုကျူးလွန်တယ်လို့ အပြစ်ရှိရင် ထောင်ဒဏ် (၁) နှစ်ကနေ (၆) နှစ်ကြား ကျခံရဖို့ရှိနေပါတယ်။

၂၀၁၇ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေအရ ဆာဒီးနီးယားကျွန်းပေါ်ကသဲတွေ၊ ခရုခွံတွေ၊ ချောမွေ့နေတဲ့ကျောက်တုံးလေးတွေကို ရောင်းဝယ်ဖောက်ကားတာ တရားမဝင်ဘူးလို့သတ်မှတ်ထားပြီး ဒဏ်ငွေ ယူရို (၃၀၀၀) အထိ ချမှတ်နိုင်ပါတယ်။ ဆာဒီးနီးယားကျွန်းကိုလာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေက သဲဖြူတွေ၊ ခရုခွံတွေ၊ ကျောက်တုံးတွေယူသွားတတ်ပြီး အွန်လိုင်းပေါ်ကနေ ပြန်ရောင်းတာမျိုးလုပ်တတ်လို့ အီတလီအာဏာပိုင် တွေကတားမြစ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top