တရုတ်နိုင်ငံဟာ ဂိုဘီသဲကန္တာရနဲ့ တာကလာမာကန်သဲကန္တာရတွေ ပြန့်ကားလာမှုကို တားဆီးနိုင်ဖို့အတွက် သစ်ပင်ပေါင်း ၁၀၀ ဘီလျံနီးပါး ပါဝင်ပြီး မိုင် ၂၈၀၀ ရှည်လျားတဲ့ ”အစိမ်းရောင်မဟာတံတိုင်း”ကို ပုံဖော်ဖန်တီးလျက် ရှိပါတယ်။
Three-North Shelter Forest Program လို့ အမည်ပေးထားတဲ့ ဒီစီမံကိန်းကို ၁၉၇၈ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သစ်ပင်ပေါင်း ၆၆ ဘီလျံကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။ ယနေ့အချိန်ကနေ ၂၀၅၀ ပြည့်နှစ်အထိ နောက်ထပ်သစ်ပင်ပေါင်း ၃၄ ဘီလျံ ထပ်မံစိုက်ပျိုးသွားပြီး ကမ္ဘာ့သစ်တော အကျယ်အဝန်းကို ၁၉၇၀ နှောင်းပိုင်းကာလနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ပိုများလာအောင် လုပ်ဆောင်နိုင်ဖို့ တရုတ်အာဏာပိုင်တွေက ရည်မှန်းလျက် ရှိပါတယ်။

ဆယ်စုနှစ်များစွာ အချိန်ယူပြီး ကျယ်ပြောတဲ့ သစ်တောတွေ စိုက်ပျိုးနိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေရဲ့ လေထုထဲက ရေပါဝင်မှု စက်ဝန်းကို အသွင်ပြောင်းလဲသွားစေခဲ့တယ်လို့ ဂြိုဟ်တုအချက်အလက်နဲ့ ရာသီဥတုမော်ဒယ်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စက္ကူပန်းပင်နဲ့ မိုးမခပင်လို စိုက်ပျိုးပင်တွေကိုပဲ အဓိက စိုက်ပျိုးထားတဲ့အတွက် ဇီဝမျိုးကွဲ ကင်းမဲ့နေပြီး ယခင်က ပြည်နယ်တစ်ခုတည်းမှာ အပင်ပေါင်း တစ်ဘီလီယံအထိ ပျက်စီးသေဆုံးစေခဲ့တဲ့ ရောဂါပိုးမွှားတွေ အန္တရာယ်ကိုလည်း စိုးရိမ်ရတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါ့အပြင် အန္တရာယ်ကိုလည်း အလွန်အမင်း ခံရလွယ်စေသည်။

ရေလိုအပ်မှုများတဲ့ သစ်ပင်သန်းပေါင်းများစွာ စိုက်ပျိုးမှုကြောင့် ဒီဒေသမှာ အလွန်ရှားပါးတဲ့ မြေအောက်ရေနဲ့ မြေဆီလွှာ အစိုဓာတ် ခန်းခြောက်သွားစေနိုင်လို့ ဒေသမျိုးရင်းတွေ စိုက်ပျိုးတဲ့ မဟာဗျူဟာမြောက် အစီအစဉ်ချမှတ် လုပ်ဆောင်ဖို့ သိပ္ပံပညာရှင်တွေက တိုက်တွန်းထားပါတယ်။
Ref: China’s 2,800 mile ‘Great Green Wall’ includes almost 100 billion trees
NZ (ရိုးရာလေး)

