တရုတ်နိုင်ငံရဲ့ သတို့သမီးလူကုန်ကူးမှုပြဿနာ

16-12-2020-yyl16.jpg

” ကျွန်မသူငယ်ချင်းက သူနဲ့အတူ တရုတ်ပြည်မှာ အလုပ် လိုက်လုပ်ဖို့ ခေါ်တယ်။ အလုပ်ကောင်းရင် လိုက်လုပ်မယ်လေဆိုပြီး ကျွန်မလည်း လက်ခံလိုက်တယ်” ။ ဒါကတော့ အန္တရာယ်ကို ကြိုမမြင်နိုင်ခဲ့တဲ့ ကချင်အမျိုးသမီးငယ်လေးတစ်ယောက် လူကုန်ကူးခံရပြီး တရုတ်နိုင်ငံမှာ အတင်းအကျပ် အိမ်ထောင်ပြုခဲ့ရတဲ့ ဖြစ်ရပ်ပါပဲ။ တရုတ်နိုင်ငံ ရောက်ပြီးသိပ်မကြာခင်မှာပဲ သူ့ကိုခေါ်လာတဲ့ သူငယ်ချင်းတွေက တရုတ်အမျိုးသားတစ်ယောက်ရဲ့ဇနီးအဖြစ် သူ့ကိုထားပြီး ထွက်သွားခဲ့ကြတယ်။

မတတ်သာလို့ အဲဒီအိမ်မှာ ကြောက်ကြောက်လန့်လန့် နေနေရတဲ့ ကချင်အမျိုးသမီးငယ်လေးဟာ ဘယ်ကိုသွားပြီး အကူအညီတောင်းရမှန်းလည်း မသိခဲ့ပါဘူး။ နောက်တော့ တရုတ်အမျိုးသားနဲ့ရတဲ့ ကိုယ်ဝန်ကနေ အမြွှာပူးလေး မွေးတယ်။ နောက်ဆုံးမှာတော့ တရုတ်အမျိုးသား အိပ်ယာမနိုးခင် အိမ်ကထွက်ပြေးပြီး အနီးနားမှာရှိတဲ့ မြို့က အာဏာပိုင်တွေကို အကူအညီတောင်းဖို့ သူ ဆုံးဖြတ်လိုက်တယ်။ သူဟာ တရုတ်နိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာ ၂ လနေခဲ့ရပြီး နောက်ပိုင်းမှာတော့ သူ့ကို မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်။ မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာတော့ လူသားချင်း စာနာထောက်ထားရေးအဖွဲ့အစည်းတစ်ခုက သူ့ကို နေစရာနဲ့ ငွေကြေးအထောက်အပံ့ ပေးခဲ့တယ်။

ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ” အကျပ်ကိုင်၊ လိမ်ညာလက်ထပ်ခြင်းဖြင့် တရုတ်နိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လူကုန်ကူးခြင်း” အခမ်းအနားမှာ အရဲစွန့်ပြီး လွတ်မြောက်လာခဲ့တဲ့ ကချင်အမျိုးသမီးငယ်က သူ့ရဲ့ဖြစ်ရပ်ကို ပြောခဲ့တာပါ။ သူဟာ တရုတ်နိုင်ငံမှာ အတင်းအကျပ် အိမ်ထောင်ပြုခဲ့ရတဲ့ ကချင်အမျိုးသမီးငယ်တွေထဲက တစ်ယောက်ပါ။ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာလည်း အလုပ်ရမယ်၊ တရားဝင်လက်ထပ်ရမယ်ဆိုတဲ့ ယုံတမ်းစကားတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

ဆယ်စုနှစ်များစွာ ကြာမြင့်နေတဲ့ ပြည်တွင်းစစ်နဲ့ အထောက်အပံ့ရရှိမှု နည်းပါးတဲ့အတွက် ကချင်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လူကုန်ကူးသူတွေ၊ ပွဲစားတွေရဲ့ လိမ်ညာလှည့်စားမှု ခံနေရပါတယ်။ ၂၀၁၉ ခုနှစ်မှာ လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ ကချင်သတို့သမီးတွေကို တရုတ်နိုင်ငံထံ လူကုန်ကူးနေတဲ့အကြောင်း စိတ်နှလုံးထိခိုက်စရာ အစီရင်ခံစာတစ်စောင် ရေးသားထုတ်ဝေခဲ့ပါတယ်။

ပါကစ္စတန်၊ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေအပါအဝင် တရုတ်နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တခြားနိုင်ငံတွေဟာလည်း သတို့သမီး လူကုန်ကူးမှုဖြစ်ရပ်တွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ၁၉၇၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ချမှတ်ကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကလေးတစ်ယောက်သာ ယူရေးမူဝါဒနဲ့အတူ သားယောကျ်ားလေးကိုပဲ လိုလားကြတဲ့အတွက် ကျား၊ မ အချိုးအစား မညီမျှမှု ဖြစ်ပေါ်ခဲ့ပြီး အမျိုးသမီးဦးရေ သိသိသာသာ နည်းပါးလာခဲ့တာပါ။ အဲဒီလို ကျား၊ မ ဦးရေ မညီမျှမှုဟာ တရုတ်နိုင်ငံအတွင်းမှာ လူကုန်ကူးမှုတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေကို အားကောင်းစေခဲ့ပါတယ်။

တရုတ်အမျိုးသားတွေရဲ့ သတို့သမီးအဖြစ် ရောင်းစားခံရပြီး တရုတ်နိုင်ငံကို ခေါ်ဆောင်သွားခြင်းခံရတဲ့ ပါကစ္စတန်အမျိုးသမီးနဲ့ မိန်းကလေးငယ် ၆၂၉ ယောက်ရဲ့ စာရင်းကို ပါကစ္စတန်အာဏာပိုင်တွေက စာရင်းပြုစုဖော်ပြခဲ့လို့ ပြီးခဲ့တဲ့နှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ သတို့သမီးကုန်ကူးမှုကို နိုင်ငံတကာက သတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုက တရုတ်နိုင်ငံကို ဒေါသထွက်စေပြီး ငွေကြေးလိုအပ်နေတဲ့ သူတို့နိုင်ငံမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု မလုပ်တော့မှာကို ပါကစ္စတန်အရာရှိတွေက စိုးရိမ်တဲ့အတွက် မကြာခင်မှာပဲ စုံစမ်းစစ်ဆေးမှုကို ပိတ်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုအရ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတွေ ပစ်မှတ်ထားခံခဲ့ရတာ တွေ့ရပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေကို ဖယ်ကျဉ်ထားလေ့ရှိလို့ ပြည်ပလူကုန်ကူးသူတွေက သူတို့ကို အလွယ်တကူ ပစ်မှတ်ထားနိုင်ခဲ့တာပါ။ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင် တော်တော်များများက ပညာမတတ်ကြသလို ဆင်းရဲနွမ်းပါးကြလို့ ဒီပြဿနာ ပိုကြီးထွားစေခဲ့တာပါ။ ဆင်းရဲနွမ်းပါးတဲ့ ခရစ်ယာန်အမျိုးသမီးတွေကို ကိုယ်စားပြုကာကွယ်ပေးမယ့် လူမှုအဖွဲ့အစည်းမျိုး မရှိပါဘူး။

ပါကစ္စတန်နိုင်ငံရဲ့ အကျင့်ပျက်ခြစားတဲ့ သင်းအုပ်ဆရာတွေက ယုံကြည်ချင်စရာကောင်းတဲ့ သူတို့ရဲ့အခန်းကဏ္ဍကို အလွဲသုံးစားလုပ်ပြီး လူကုန်ကူးဖို့၊ ဟန်ပြလက်ထပ်မှုတွေလုပ်ဖို့အတွက် ဘယ်သူဘယ်ဝါတွေကို ပစ်မှတ်ထားရမလဲဆိုတာ တရုတ်ပွဲစားတွေနဲ့ ပူးပေါင်းလှုပ်ရှားခဲ့တယ်လို့ တွေ့ရှိရပါတယ်။

လူပွဲစားတွေက သူတို့ရဲ့ပစ်မှတ်တွေ တရုတ်နိုင်ငံ လိုက်ချင်စိတ်ဖြစ်လာအောင် ဘယ်လိုသိမ်းသွင်းခဲ့လဲ၊ တစ်ခါတလေမှာ ငွေကြေးအကျိုးအမြတ် ယူထားတဲ့ သင်းအုပ်ဆရာနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြလဲဆိုတာကို ခရစ်ယာန်တက်ကြွလှုပ်ရှားသူ ဆာလမ်အစ်ဘယ်က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။ ဆာလမ်အစ်ဘယ်ဟာ တရုတ်နိုင်ငံမှာရှိတဲ့ မိန်းကလေးငယ် တော်တော်များများကို ကယ်တင်နိုင်အောင် ကူညီပေးခဲ့သူပါ။ ” တရုတ်အမျိုးသားကလည်း ခရစ်ယာန်ဘာသာဝင်ပဲ။ သူက အိမ်ထောင်ပြုချင်နေတာ။ တရုတ်နိုင်ငံမှာ ကောင်းကောင်းနေရမယ်။ မင်းက တရုတ်နိုင်ငံကို သွားရင် ဒီမှာကျန်နေတဲ့ မင်း မိသားစုကိုလည်း စောင့်ရှောက်ပေးမှာဆိုတဲ့ ကတိတွေပေးပါတယ်။ မိန်းကလေးတွေကလည်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုကဆိုတော့ ဒီလိုကမ်းလှမ်းမှုမျိုးကို မငြင်းနိုင်ကြဘူးလေ”လို့ ဆာလမ်အစ်ဘယ်က ပြောပါတယ်။

အဲဒီလူကုန်ကူးမှုတွေကိုကြည့်ရင် ဘာသာရေးလွတ်လပ်ခွင့်နဲ့လည်း ဆက်နွှယ်နေပြီး တစ်ကမ္ဘာလုံးက အရေးထားဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

CNS News သတင်းဌာန၏ China’s Bride Trafficking Problem ကို ကောက်နုတ်ပြန်ဆိုဖော်ပြသည်။

Photo Credit – Global Issues
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top