ခရစ်စမတ်လက်ဆောင်အနေနဲ့ အိမ်နီးနားချင်းတွေရဲ့လျှပ်စစ်မီး၊ရေဖိုးတွေ ဆောင်ပေးခဲ့တဲ့ အမျိုးသား

16-12-2020-yyl13.jpg

ဖလော်ရီဒါပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ မိုက်ခ် အက်စ်မွန်တ် (Mike Esmond) ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့အိမ်နီးနားချင်းတွေအတွက် ကယ်တင်ရှင်ကြီးပါပဲ။ ဘာကြောင့်လဲဆိုရင် မကြာသေးခင်ကမှ သူဟာ သူ့ပတ်ဝန်းကျင်က မိသားစု (၁၁၄) ဦးအတွက် လျှပ်စစ်မီးဖိုး၊ ရေဖိုး ကန်ဒေါ်လာ ၇၆၀၀ ကို ဆောင်ပေးခဲ့လို့ပါပဲ။

ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ အိမ်နီးနားချင်းတွေကို ခရစ်စမတ်လက်ဆောင်အနေနဲ့ အလားတူလက်ဆောင်မျိုးကို ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက (၃၆) ဦးအတွက် လျှပ်စစ်မီးဖိုး၊ ရေဖိုး ဒေါ်လာ ၄၆၀၀ ကို ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာလည်း အဲဒီလိုခရစ်စမတ်လက်ဆောင်ကို အရင်နှစ်ထက် ပိုလိုအပ်မယ်လို့ မိုက်ခ်က တွေးမိခဲ့တာပါ။ “ဟာရီကိန်းဆယ်လီကြောင့် ဒီနေရာက ဒေသခံတော်တော်များများအတွက် ထိခိုက်ပျက်စီးမှုတွေများခဲ့ပါတယ်။ ကပ်ရောဂါကလည်း လူတော်တော်များများကို အလုပ်လက်မဲ့ဖြစ်စေတယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် ဒီနှစ်မှာ သူတို့အတွက် ကျွန်တော် တစ်ခုခုလုပ်ပေးဖို့ လိုအပ်သလို ခံစားခဲ့ရတယ်” လို့ မိုက်ခ်က ပြောပါတယ်။

မိုက်ခ်က လျှပ်စစ်မီးဖိုးနဲ့ရေဖိုးကောက်ခံပေးနေတဲ့ ဂျိုအန်နီ အိုလီဗာ ဆိုတဲ့ အမျိုးသမီးနဲ့ စကားပြောကြည့်တော့ လျှပ်စစ်မီးနဲ့ ရေတွေ ဖြတ်တောက်ခံထားရတဲ့ လူ (၁၁၄) ဦးစာရင်းကို ပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီစာရင်းထဲကလူတွေအတွက် မိုက်ခ်က ပေးဆောင်ခဲ့ပါတယ်။ လက်ရှိ အောင်မြင်နေတဲ့ရေကူးကန်တည်ဆောက်ရေးလုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့ မိုက်ခ်က သူတို့လို ခက်ခဲတဲ့အချိန်တွေကျော်ဖြတ်ခဲ့ရဖူးပြီး သမီး (၃) ဦးကို ပြုစုပျိုးထောင်ရင်းနဲ့ လျှပ်စစ်မီးဖိုး၊ ရေဖိုး ပေးဆောင်ဖို့ အခက်အခဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အခု အခက်အခဲဖြစ်နေတဲ့ အိမ်နီးနားချင်းတွေကို သနားမိတဲ့အတွက် သူတို့ဆီက ခရစ်စမတ်ကတ်ပါတဲ့ လက်ဆောင်ကို လျှပ်စစ်မီး၊ ရေဖိုးကောက်ခံတဲ့အာဏာပိုင်တွေကနေတဆင့် ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီခရစ်စမတ်လက်ဆောင်ကတော့ သူတို့ စာအိတ်ကို ဖွင့်ဖောက်ကြည့်လိုက်ရင် Gulf Breeze Pools ကနေ သူတို့ရဲ့လျှပ်စစ်မီးဖိုး၊ ရေဖိုးတို့ကို ပေးဆောင်ပေးထားပြီး မီးဖိုး၊ရေဖိုးက မင်းတို့ စိုးရိမ်စရာမလိုတဲ့ အရာဖြစ်သွားပြီဆိုတာကို သူတို့ကို ပြောပြနေတာပါ။ မိုက်ခ်က သူတို့ဆီကနေ ဘာမှ ပြန်မလိုချင်ဘဲ အဲဒီလိုမျိုးလုပ်ပေးအောင် အခြားသူတွေကို တွန်းအားဖြစ်စေဖို့ပဲ မျှော်လင့်တာပါ။ မိုက်ခ်ဆီကို လှူဒါန်းငွေ ပို့ပေးချင်တယ်လို့ ပြောတဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မိုက်ခ်ကတော့ သူ့ဆီကို မပို့ဘဲ သူတို့ရဲ့အသိုင်းအဝိုင်းက လူတွေအတွက် သူလုပ်သလိုပဲ လုပ်ပေးဖို့ပဲ ပြောခဲ့ပါတယ်။

မိုက်ခ်က မိသားစု (၁၁၄) ဦးကိုပဲ လျှပ်စစ်မီးဖိုး၊ ရေဖိုးပေးဆောင်ခြင်းဖြင့် ကူညီပေးနေတယ်ထင်ခဲ့ပေမဲ့ တကယ်တော့ သူ့ရဲ့လုပ်ရပ်ဟာ ကမ္ဘာ့တစ်ဝှမ်းက အခြားသူတွေကိုလည်း အားပေးအားမြှောက်ဖြစ်စေခဲ့ပါတယ်။ “အိမ်နီးနားချင်းတွေရဲ့စိတ်ဖိစီးမှုနည်းသွားအောင် ဒါကို ကျွန်တော်လုပ်ခဲ့တာပါ။ သူတို့တွေ ပျော်ရွှင်မှုရအောင် ကျွန်တော် လုပ်ခဲ့တာပါ။ လူတော်တော်များများက ဒီအကြောင်းကို ဖတ်မိ၊ ကြားမိတဲ့အခါမှာ သူတို့ ဘယ်လောက် ဝမ်းသာပီတိဖြစ်ရတယ်ဆိုတဲ့ စကားတွေကိုလည်း သူတို့ဆီကနေ ခဏခဏ ကြားရပါတယ်” လို့ မိုက်ခ်က ပြောပါတယ်။

Ref: CBSNews “Florida man pays off 114 outstanding utility bills for his neighbors before Christmas”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top