မတော်တဆမှုဖြစ်ခဲ့တဲ့ သူစိမ်းအမျိုးသမီးတစ်ဦးအတွက် ရန်ပုံငွေရှာပေးခဲ့တဲ့ ၁၃ နှစ် သမီးလေး

20-10-2020-yyl-006.jpg

အခုခေတ်လူငယ်တွေက အခြားသူတွေအတွက် ရန်ပုံငွေရှာပြီး ကူညီပေးတယ်ဆိုတဲ့အကြောင်းကို ခဏခဏတွေ့မြင်နေရပါတယ်။ အခုလည်း စင်ကာပူနိုင်ငံက (၁၃) နှစ်သမီးလေးဟာ သူနဲ့တစ်ခါမှ မတွေ့ဖူးမမြင်ဖူးခဲ့တဲ့ သူစိမ်းအမျိုးသမီးတစ်ဦးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ငွေရေးကြေးရေးအခက်အခဲတွေကို ကြားသိပြီးတဲ့နောက်မှာ ရန်ပုံငွေရှာပြီး ကူညီပေးနေပါတယ်။ အန် လျို ကော် ဆိုတဲ့အမျိုးသမီးဟာ ၂၀၁၆ခုနှစ် စက်တင်ဘာလမှာ လျှပ်စစ်စကူတာဘီး (e-scooter) အတိုက်ခံခဲ့ရပြီး မြေကြီးနဲ့ ခေါင်းရိုက်မိကာ ဦးခေါင်းထိခိုက်သွားခဲ့ရပါတယ်။ အဲဒီကတည်းက တစ်နေ့တာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့အတွက် တစ်ယောက်ယောက်ရဲ့အကူအညီကို ယူခဲ့ရပါတယ်။ သူက စကားလည်းမပြောနိုင်၊ ဖတ်လည်းမဖတ်နိုင်၊ စာလည်းမရေးနိုင်တော့ပါဘူး။ ဆရာဝန်တွေကလည်း အန်ဟာ မသန်စွမ်းဖြစ်နေတာကနေ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်လို့မရဘူးလို့ ဆိုပါတယ်။ ဆေးကုသမှုကုန်ကျစရိတ်က အဲဒီအမျိုးသမီးရဲ့မိသားစုကို ငွေရေးကြေးရေးအခက်အခဲဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာ အန်ရဲ့ ခင်ပွန်းက တစ်လကို စင်ကာပူဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ဝန်းကျင်ရရှိတဲ့ စာချုပ်နဲ့အလုပ်လုပ်နေရတဲ့ အလုပ်သမားဖြစ်တဲ့အတွက် အိမ်စရိတ်နဲ့ ဆေးကုစရိတ်အတွက် မလုံလောက်ခဲ့ပါဘူး။ အိမ်အလုပ်တွေလုပ်ဖို့အတွက် အိမ်အကူကိုလည်း ငှားရပါတယ်။ အန်က Community Health Assistance Scheme ကနေ ရရှိတဲ့ ဆေးကုသစရိတ်ကြောင့် နည်းနည်းသက်သာနေရတာပါ။ အခုနှစ်ဇူလိုင်လမှာ တရားရုံးက အသက် (၂၁) နှစ်အရွယ် လျှပ်စစ်စကူတာဘီးမောင်းတဲ့သူကို လျော်ကြေးငွေ စင်ကာပူဒေါ်လာ ၄၄၅,၀၀၀ ပေးဖို့ အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက အန်ကို အဲလောက်ပမာဏ လျော်ကြေးငွေပေးဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အန်ရဲ့အခြေအနေကို ကြားသိခဲ့ရတဲ့ (၁၃) နှစ်အရွယ် ဆိုဖီယာ ချီအန် ဆိုတဲ့ ကောင်မလေးက အန်အတွက် တစ်ခုခုလုပ်ပေးချင်စိတ်ဖြစ်ခဲ့ပါတယ်။

ဆိုဖီယာက သူ့မိခင်ရဲ့အကူအညီနဲ့ မိသားစုတစ်စုရဲ့ ငွေရေးကြေးရေးအခက်အခဲကို ကူညီပေးနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကမ်ပိန်းတစ်ခုစတင်လုပ်ဆောင်ခဲ့ပါတယ်။ ကမ်ပိန်းလုပ်ဆောင်ဖို့အတွက် အန်ရဲ့မိသားစုဆီက အရင်ဆုံးခွင့်ပြုချက်တောင်းခဲ့ပါတယ်။ ရန်ပုံငွေရှာဖို့အတွက် Video Call ကနေတဆင့် အန်တို့မိသားစုနဲ့ တိုင်ပင်ဆွေးနွေးပြီး ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ အဲဒီနောက်မှာ ဆိုဖီယာနဲ့ သူ့မိသားစုဟာ ဆိုရှယ်မီဒီယာလို ချန်နယ်အမျိုးမျိုးကနေ ရန်ပုံငွေရှာခဲ့ပါတယ်။ ဒီကမ်ပိန်းကိုလည်း ဆေးခန်း၊ စားသောက်ဆိုင်အပါအဝင် နေရာတော်တော်များများမှာ လူတွေသိလာအောင်လည်း ချပြခဲ့ပါတယ်။

ဆိုဖီယာရဲ့အမေ လီဆာ ချန်က သူစိမ်းတစ်ယောက်ကို သူ့သမီးလေး ကူညီချင်ခဲ့တဲ့အတွက် ရင်ထဲထိမိပါတယ်လို့ မီဒီယာတစ်ခုကို ပြောခဲ့ဖူးပါတယ်။ ဆိုဖီယာတို့ဟာ ကမ်ပိန်းစတင်ပြီး (၂) လအကြာမှာ လှူဒါန်းသူ (၁၄၅၈) ဦးဆီကနေ စင်ကာပူဒေါ်လာ ၁၆၄,၀၇၉ ရန်ပုံငွေရခဲ့ပါတယ်။ ဒီကမ်ပိန်းကို သြဂုတ်လကစတင်ခဲ့တာဖြစ်ပြီး အခုတော့ အဆုံးသတ်လိုက်ပါပြီ။ ဆိုဖီယာက ရန်ပုံငွေရှာတဲ့ ကမ်ပိန်းကို စက်တင်ဘာ ၃၀ ရက်နေ့မှာ အဆုံးသတ်ပြီးတဲ့နောက် အခုလအစောပိုင်းမှာ အန်တို့မိသားစုဆီ သွားလည်ခဲ့ပါသေးတယ်။

Ref: Mothership “13-year-old girl in S’pore raised over S$164,000 for complete stranger who was e-scooter accident victim”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top