တရုတ်နိုင်ငံက စုံတွဲတစ်တွဲကတော့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာခန်းမမှာ လက်ထပ်ပွဲမပြုလုပ်ဘဲ ခွေးဂေဟာတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ တရုတ်စုံတွဲဖြစ်တဲ့ ယန် (၃၁ နှစ်) နဲ့ ကျောင် (၂၅ နှစ်) တို့ဟာ မေလက the Tianjin Animal Safe Haven ခွေးဂေဟာမှာ လက်ထပ်ခဲ့ကြတာပါ။

ခွေးဂေဟာက ခွေးအကောင်ရေ (၂၀၀) ကျော်၊ ဂေဟာစေတနာ့ဝန်ထမ်း ၃၀၀ ဝန်းကျင်လောက်နဲ့အတူ မင်္ဂလာပွဲကို ကျင်းပခဲ့ကြတာပါ။ သူတို့ရဲ့မင်္ဂလာပွဲအတွင်း ရှောင်ပေါင်လို့ နာမည်ပြောင်ပေးထားတဲ့ ခွေးလေးတစ်ကောင်ကဆိုရင် အမြီးလေးလှုပ်ကာ သူတို့ ၂ ဦးကို ဦးညွှတ်ခဲ့တယ်။ ဒါကို အရင်က သင်ပေးထားခြင်းမရှိဘဲ အဲ့ဒီခွေးလေးက ပြုမူခဲ့တာလို့လည်း သိရပါတယ်။
သတို့သားယန်က ခွေးဂေဟာတည်ထောင်သူလည်းဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်း ပြိုလဲသွားပြီးနောက် ဒီဂေဟာကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ငယ်ဘဝတုန်းက ခွေးလေး ၅ ကောင် ဖျားနာပြီး ဆုံးရှုံးလိုက်ရတဲ့ အမှတ်တရတွေက သူ့ကို ခြောက်လှန့်နေခဲ့တာပါ။ အဲ့ဒီနောက် လမ်းဘေးခွေးလေးတွေကို ကယ်တင်ခြင်းလုပ်ငန်းစဉ်ကို စတင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူ့လုပ်ငန်းစဉ်ကို အကူအညီပေးနိုင်မယ့် စေတနာ့ဝန်ထမ်းတွေကို စခေါ်ယူခဲ့ပါတယ်။ ခွေးဂေဟာ စတည်ထောင်ပြီးကတည်းက ယွမ် ၄၀၀၀၀ ကျော် ရင်းနှီးမြုပ်နှံထားတယ်လို့ သိရပါတယ်။

ယန်က သူ့ဇနီးဖြစ်သူ ကျောင်ကို ၂၀၂၂ ခုနှစ်မှာ ဆုံတွေ့ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ခွေးဂေဟာမှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့တက္ကသိုလ်ကျောင်းသူလေးပါ။ ကျောင်က အချိန်ပိုင်းအလုပ်ကနေ ရခဲ့တဲ့ ဝင်ငွေတွေအားလုံးကိုလည်း ဂေဟာမှာ လှူဒါန်းခဲ့တာပါ။ ယန်က ကျောင်ရဲ့တိရစ္ဆာန်တွေပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လေးစားမြတ်နိုးခဲ့တာဖြစ်ပြီး ကျောင်ကလည်း ယန်ရဲ့သစ္စာစောင့်သိမှုနဲ့ကိုယ်ကျိုးမဖက်တဲ့စိတ်ဓာတ်ကြောင့် မေတ္တာသက်ဝင်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref: Chinese Couple Gets Married At Dog Shelter With Over 200 Dogs As Wedding Guests
WL ( ရိုးရာလေး)