ယူကရိန်းလေယာဉ် ပစ်ချခံရပုံကို ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့တယ်ဆိုတဲ့ အမျိုးသားကို အီရန်အစိုးရ ဖမ်းဆီး

yyl-018-7.jpg

ယူကရိန်း ခရီးသည်တင်လေယာဉ် ဒုံးကျည်နဲ့ပစ်ချခံရပုံကို ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့တယ်ဆိုတဲ့ လူတစ်ယောက်ကို အီရန်အစိုးရက ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးခံထားရသူဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်တွေ ရင်ဆိုင်ရဖို့ ရှိပါတယ်။ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် PS752 လေယာဉ်ဟာ ဇန်နဝါရီလ ၈ ရက်က အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့လေဆိပ်ကနေ ပျံတက်ပြီး မကြာခင် ဒုံးကျည်နဲ့ပစ်ချခံခဲ့ရလို့ လေယာဉ်ပေါ် လိုက်ပါလာသူ ၁၇၆ ယောက်လုံး သေဆုံးခဲ့ပါတယ်။

အစောပိုင်းမှာ လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ခဲ့ခြင်းမရှိဘူးလို့ အီရန်နိုင်ငံက ငြင်းဆန်ခဲ့ပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုအရ ယူကရိန်းလေယာဉ်ကို ဒုံးကျည်ထိမှန်ခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လေကြောင်းကာကွယ်ရေးစနစ်က ယူကရိန်းလေယာဉ်ကို ပစ်ချမိခဲ့တာလို့ အီရန်နိုင်ငံက ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ လေယာဉ်ပစ်ချခံရတဲ့ဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့တဲ့ လူတစ်ယောက်ကို အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အီရန်မီဒီယာက ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုကို လူမှုကွန်ရက်ပေါ်မှာ ပထမဆုံးတင်ခဲ့တဲ့ လန်ဒန်မြို့အခြေစိုက် အီရန်ဂျာနယ်လစ်ကတော့ သူ့ရဲ့သတင်းရင်းမြစ်က(ဗီဒီယိုမှတ်တမ်း ပေးပို့ခဲ့သူ) ဘေးကင်းလုံခြုံစွာရှိနေပြီး အီရန်အာဏာပိုင်တွေက လူမှားဖမ်းခဲ့တာလို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

အဲဒီဖြစ်ရပ်အတွက် အီရန်နိုင်ငံက လူတော်တော်များများကို ဖမ်းဆီးထားပါတယ်။ ယူကရိန်းလေယာဉ် ပစ်ချခံရတဲ့ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရာမှာ အထူးတရားရုံးက ကြီးကြပ်ဆောင်ရွက်မယ်လို့ အီရန်သမ္မတ ရူဟာနီက ပြောပါတယ်။ တရားမဝင်တဲ့ စုဝေးမှုတွေမှာ ပါဝင်ခဲ့သူ ၃၀ နီးပါးကိုလည်း ဖမ်းဆီးထားတယ်လို့ အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစမိုင်လီက ပြောပါတယ်။

Ref:BBC “Iran plane downing: Person who filmed video ‘arrested'”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top