ကမ္ဘာမြေ ကယ်တင်နေသူတွေအတွက် ပေါင် ၁ သန်းစီ ဆုချီးမြှင့်ခဲ့တဲ့ မင်းသားဝီလျံ

image1.jpg

မနေ့ညက လန်ဒန်မြို့မှာ Earthshot ဆုပေးပွဲ အခမ်းအနားလုပ်တယ်။ Coldplay ၊ KSI နဲ့ အက်ဒ်ရှီးရန်တို့ ဖျော်ဖြေခဲ့တဲ့ Earthshot ဆုပေးပွဲက တော်တော်ထူးခြားတယ်။ စတိတ်စင်ကို ပလတ်စတစ်ပစ္စည်း လုံးဝမသုံးဘဲ ဆောက်တယ်၊ သီဆိုဖျော်ဖြေဖို့ စွမ်းအင်လိုအပ်ချက်အတွက်လည်း စက်ဘီးသမား ၆၀ က စက်ဘီးနင်းပြီး ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ပေးခဲ့တယ်။ ဒီပွဲကိုလာတဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်မျှ လေယာဉ်မစီးကြဘူး။ ပွဲတက်ဝတ်စုံကိုတောင် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် အဝတ်အထည်မျိုး ဝတ်ဆင်ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်အပေါ် လူတွေ အာရုံပိုစိုက်လာဖို့၊ ပိုပြီး အလေးထားကြဖို့ပါပဲ။

ဟယ်ရီပေါ်တာမင်းသမီး အမ်မာဝတ်ဆန်ဆိုရင် အထည်ဟောင်း ၁၀ ထည်ကနေ ပြန်ချုပ်ထားတဲ့ဂါဝန်နဲ့ ပွဲတက်ခဲ့တယ်။ Earthshot ဆုပေးပွဲကို ကမကထလုပ်တာက ကမ်းဘရစ်ချ်မြို့စားကြီး ဝီလျံပါ။ ဝီလျံတို့ ဇနီးမောင်နှံ ၂ ယောက်က Audi လျှပ်စစ်ကားစီးပြီး ဒီပွဲကို လာတက်တယ်။ သူတို့ ၂ ယောက်လုံးလည်း အထည်ဟောင်းတွေကနေ ပြန်ချုပ်ထားတဲ့ဝတ်စုံတွေပဲ ဝတ်ခဲ့ကြတယ်။

Earthshot ဆိုတာ ကမ္ဘာမြေကို ကယ်တင်ဖို့ ကြိုးစားနေသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားပါ။ ဒီနှစ် ပထမဆုံး စလုပ်ပါတယ်။ ၁၉၆၀ တစ်ဝိုက်မှာ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက ဆယ်စုနှစ်အတွင်း လကမ္ဘာပေါ် လူသားတွေ ခြေချနိုင်အောင် ကြိုးပမ်းမယ်လို့ ပြောဆိုတဲ့အခါ Moonshot ဆိုတဲ့ စကားလုံးကို သုံးခဲ့ဖူးတယ်။ အဲဒီစကားလုံးကို မှီငြမ်းပြီး မင်းသားဝီလျံက သူ့ရဲ့ဆုကို Earthshot လို့ အမည်ပေးခဲ့တာပါ။

ဒီနှစ်မှာ ဆုရသူ ၅ ဦးရှိတယ်။ ဆုတစ်ဆုချင်းစီအတွက် ပေါင် ၁ သန်း ချီးမြှင့်ပါတယ်။ ဆုရသူတွေထဲမှာ နည်းပညာသစ် အသုံးပြုပြီး သန္တာကျောက်တန်း မွေးမြူပေးနေတဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက်ပါတယ်။ ဆမ်တိုင်ချာနဲ့ ဂေတာဟယ်ပန်တဲ့။ ယေးတက္ကသိုလ်ရဲ့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးကျောင်းမှာ ဆုံပြီး သူငယ်ချင်းတွေ ဖြစ်လာတဲ့ သူတို့ ၂ ယောက်က ပင်လယ်ပြင်တွေကို ကယ်တင်ဖို့ Coral Vita ဆိုတဲ့ မစ်ရှစ်တစ်ခု စတင်ခဲ့တယ်။ သူတို့က အထူးဖန်တီးထားတဲ့ Tank တွေ သုံးပြီး သန္တာကျောက်တန်းတွေ မွေးမြူကြတယ်။ အဲဒီနည်းက သဘာဝအတိုင်း သန္တာကျောက်တန်း ဖြစ်တည်လာတာထက် အဆ ၅၀ ပိုမြန်တယ်။ သူတို့က ဘဟားမားကျွန်းမှာ သန္တာကျောက်တန်းတွေ မွေးမြူနေကြတယ်။

တခြားနိုင်ငံတွေ စံနမူနာယူလောက်အောင် သစ်ပင်တွေ ၂ ဆတိုးပြီး စိုက်ပျိုးနေတဲ့ ကော်စတာရီကာနိုင်ငံကလည်း သဘာဝတရား ကာကွယ်ထိန်းသိမ်းရေးဆု ရခဲ့တယ်။ ကော်စတာရီကာဟာ အရင်တုန်းက သစ်တောအများစုကို ခုတ်ထွင်ခဲ့ပေမဲ့ အခုတော့ သစ်ပင်တွေ ၂ ဆ ပြန်ဖြစ်လာပြီ။ မိုးသစ်တောတွေ ရှင်သန်နိုင်အောင် ဇီဝဂေဟစနစ်တွေ ထိန်းသိမ်းပေးနိုင်ရင် ဒေသခံပြည်သူတွေကို ဆုချီးမြှင့်တဲ့နည်းလမ်းက အလုပ်ဖြစ်ခဲ့တယ်။ အဲဒီစီမံကိန်းကြောင့်ပဲ ကော်စတာရီကာနိုင်ငံက ဆုရခဲ့တာပါ။

Earthshot ဆုကို သဘာဝတရား ကာကွယ်ထိန်းသိမ်းရေး၊ သမုဒ္ဒရာတွေ ကယ်တင်ရေး၊ လေထုသန့်ရှင်းရေး၊ အမှိုက်ကင်းစင်သော ကမ္ဘာမြေဖန်တီးရေး၊ ရာသီဥတုပြုပြင်ရေး စတဲ့ ခေါင်းစဉ် (၅) မျိုးနဲ့ ချီးမြှင့်တာပါ။ ဆန်ခါတင် ၁၅ ယောက်ထဲကနေ အမှတ်ပေးဒိုင်တွေက ရွေးချယ်ကြတာပါ။ ဒိုင်တွေထဲမှာ ရုပ်သံအစီအစဉ် တင်ဆက်သူ ဆာဒေးဗစ်အတင်ဘရော့ဂျ်၊ မင်းသမီး ကိတ်ဘလန်းချက်၊ အဆိုတော် ရှာကီရာတို့လည်း ပါဝင်ပါတယ်။ လာမယ့်ဆယ်စုနှစ်အထိ တစ်နှစ်ချင်းစီတိုင်းမှာ ကမ္ဘာမြေရဲ့ သဘာဝပတ်ဝန်းကျင်ပြဿနာတွေအတွက် အဖြေရှာဖို့ ကြိုးစားနေသူ ၅ ဦးစီကို ဆုတွေ ထပ်ချီးမြှင့်သွားမှာပါ။

” လာမယ့် ၁၀ နှစ်က ကမ္ဘာမြေကို အဆုံးအဖြတ်ပေးမယ့် ဆယ်စုနှစ်ပါပဲ။ အချိန် မရှိတော့ပါဘူး။ ဆယ်စုနှစ်ဆိုတာ ဘယ်လောက်မှ မကြာပါဘူး။ ဒါပေမဲ့ လူသားမျိုးနွယ်ဆိုတာ အဖြေမရနိုင်လောက်အောင် ခက်ခဲတဲ့အရာတွေကို ဖြေရှင်းနိုင်စွမ်းရှိတဲ့ ထူးခြားမှတ်တမ်းပိုင်ဆိုင်ထားပါတယ်” လို့ မင်းသား ဝီလျံက ပြောပါတယ်။ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေက အာကာသခရီးသွားလုပ်ငန်းအပေါ် အာရုံစိုက်နေကြမယ့်အစား ကမ္ဘာမြေကိုကယ်တင်ဖို့ အာရုံစိုက်သင့်တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top