တင်းမာမှုမြင့်တက်နေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် လက်တုံ့ပြန်မှုတွေကတော့ တစ်စထက်တစ်စ ကြီးထွားလာခဲ့ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ တရုတ်အစိုးရက ညွှန်ကြားလိုက်ပါပြီ။ ဒါဟာ အခုတစ်ပတ် အစောပိုင်းက ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို တုံ့ပြန်လိုက်တာလို့ တရုတ်အစိုးရက ပြောပါတယ်။
တရုတ်နိုင်ငံက ဉာဏမူပိုင်ခွင့်တွေ ခိုးယူနေလို့ ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ ကုန်သွယ်ရေး၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ ဟောင်ကောင်မြို့မှာ လုံခြုံရေးဥပဒေသစ် ချမှတ်မှု စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ချန်ဒူးမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ၁၉၈၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဝန်ထမ်း ၂၀၀ ကျော် ရှိပါတယ်။ ချန်ဒူးမြို့က တိဘက်ဒေသနဲ့ နီးစပ်တဲ့အတွက် ချန်ဒူးမြို့ ကောင်စစ်ဝန်ရုံးက ဗျူဟာမြောက်အရေးပါတဲ့နေရာ ဖြစ်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီသတင်းထောက်တွေက ပြောပါတယ်။
Nz ( ရိုးရာလေး)