လက်ဖွဲ့ပစ္စည်းအစား လယ်သမားတွေအတွက် လှူဒါန်းငွေတောင်းခံတဲ့ မင်္ဂလာပွဲတစ်ခု

14-12-2020-yyl-019.jpg

မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ အစိုးရရဲ့ ဥပဒေသစ်အပေါ် မကျေနပ်တာတွေကြောင့် လယ်သမားတွေ ဆန္ဒပြတာတွေရှိနေပါတယ်။ အဲဒီလိုဆန္ဒပြနေတဲ့လယ်သမားတွေအတွက် ပန်ဂျပ်ပြည်နယ်က မင်္ဂလာပွဲအခမ်းအနားတစ်ခုကျင်းပခဲ့တဲ့ မိသားစုတစ်ခုဟာ မင်္ဂလာလက်ဖွဲ့ပစ္စည်းပေးမယ့်အစား အဲဒီနဲ့လက်ဖွဲ့ပစ္စည်းနဲ့ညီမျှတဲ့ငွေကို လှူဒါန်းပေးဖို့ ဆွေမျိုးမိတ်သဟတွေကို တောင်းဆိုခဲ့ပါတယ်။

မင်္ဂလာခန်းမအတွင်းမှာ လှူဒါန်းငွေထည့်လို့ရမယ့်သေတ္တာတစ်ခုကို ထားရှိခဲ့ပြီး မင်္ဂလာပွဲတက်ရောက်လာတဲ့သူတွေကို ရက်ရက်ရောရောနဲ့လှူဒါန်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ “ဒီမင်္ဂလာစုံတွဲအတွက် လက်ဖွဲ့ငွေ၊ လက်ဖွဲ့ပစ္စည်းပေးမယ့်အစား ကျေးဇူးပြုပြီး ဒေလီမြို့မှာ ဆန္ဒပြနေတဲ့လယ်သမားတွေအတွက် လှူဒါန်းပေးပါ။ ဒီငွေတွေကို လယ်သမားတွေအတွက် အစားအစာ၊ နွေးထွေးတဲ့အဝတ်အထည်တွေနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့ပေးဖို့ အသုံးပြုသွားမှာပါ” လို့ မင်္ဂလာပွဲမှာ ကြေညာခဲ့တာပါ။ ဒါကတော့ ချန်ဒီဂါမြို့ရဲ့ ၂၅၀ ကီလိုမီတာ ဝန်းကျင်မှာရှိတဲ့ ပန်ဂျပ်ပြည်နယ်ရဲ့မူတ်ဆာမြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့က မင်္ဂလာပွဲတစ်ခုမှာပါ။

ဒီမင်္ဂလာပွဲအပြင် ဆန္ဒပြနေတဲ့သူတွေကို ကူညီပေးနေတဲ့ နောက်ထပ်တစ်ခုရှိပါသေးတယ်။ အန်ရိုဟာမြို့က လယ်သမားတစ်ဦးကလည်း ဆန္ဒပြခဲ့တဲ့သူ့ရဲ့အဖွဲ့အစည်းကို ပံ့ပိုးကူညီပေးဖို့အတွက် ဆန္ဒပြနေတဲ့နေ့မှာ ကျင်းပခဲ့တဲ့ သူ့သမီးရဲ့မင်္ဂလာပွဲကိုတောင် မတက်ရောက်ခဲ့ပါဘူး။ အဲဒီလယ်သမားက အသက် ၅၈ နှစ်အရွယ် ဆူဘ်ဟာချ် ချီမာဆိုသူဖြစ်ပြီး သူ့မိသားစုဝင်တွေ စီစဉ်ပေးခဲ့တဲ့ Video Call ကနေတဆင့် မင်္ဂလာပွဲကို ကြည့်ခဲ့တာပါ။ လယ်သမားတွေအသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ဆန္ဒပြပွဲမှာ သူရှိနေဖို့ ပိုလိုအပ်တယ်လို့ ယုံကြည်ခဲ့လို့ပါပဲ။

အိန္ဒိယလယ်သမားတွေက သူတို့ရဲ့ဝင်ငွေကို ကျဆင်းသွားစေမယ်လို့ ယုံကြည်ထားတဲ့ လယ်သမားဥပဒေသစ် (၃) ရပ်ကို ဆန့်ကျင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကတော့ ဥပဒေအသစ်က သူတို့ရဲ့ထုတ်ကုန်တွေကို သူတို့ရောင်းချတဲ့နေရာတိုင်းမှာ ရောင်းခွင့်ပြုထားတဲ့အတွက် လယ်သမားတွေအတွက် ရွေးချယ်ချက်အသစ်တွေ ပေးမယ်လို့ ယုံကြည်ထားတာပါ။

Ref: IndiaTimes “Saying No To Wedding Gifts & Shagun, A Family In Punjab Requested That Guests Donate Cash For Farmers”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top