သေပြီထင်ထားတဲ့မြင်းကို ပြန်ပြီးကျန်းမာဝဖြိုး လာအောင် ကုသပေးနိုင်ခဲ့တဲ့ဖြစ်ရပ်

24-7-2020-yyl-005.jpg

သေပြီးလို့ ထင်ထားတဲ့ မြင်းကို အသက်ရှင်နေသေးတယ်ဆိုတာ မြင်တွေ့ရရင် ဘယ်သူမဆို ဝမ်းသာမိကြမယ်ထင်ပါတယ်။ Here4Horses ပရဟိတအဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတွေကတော့ အဲဒီလိုဖြစ်ခဲ့တဲ့ မြင်းတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဟေဒီဆိုတဲ့ မြင်းလေးက ပုံပန်းအသွင်အပြင်မပေါ်တော့လောက်အောင် ပိန်ချုံးချည့်နဲ့နေပြီး မလှုပ်မရက်ရှိနေတဲ့အတွက် သေပြီလို့ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ အသက်ရှုနေသေးတာကို စေတနာ့ဝန်ထမ်းတွေ တွေ့ရှိသွားတဲ့နောက်မှာ ချက်ချင်းကယ်တင်ပေးခဲ့ကြပါတယ်။

စေတနာ့ဝန်ထမ်းတွေရဲ့ ကယ်တင်ပေးမှုကြောင့် မြင်းလေး ဟေဒီက အံ့သြစရာကောင်းလောက်အောင် အရင်ကနဲ့မတူတော့ဘဲ လှပတဲ့ မြင်းတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ ဟေဒီ ကျန်းမာရေးပြန်လည်ကောင်းမွန်လာအောင် ကုသပေးခဲ့ပုံတွေကို မှတ်တမ်းတင်ဗီဒီယိုအနေနဲ့ ရိုက်ကူးထားခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာဆိုရင် ဟေဒီလေး ဘယ်လောက်တောင် တွန်းလှန်ကျော်ဖြတ်ခဲ့ရလဲဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေ ဟေဒီရှိတဲ့ ဆိုဒ်ထဲကို ရောက်ပြီး သူ့ကို ဘယ်လိုမျိုးတွေ့ခဲ့ပြီး ဘယ်လိုကယ်တင်ခဲ့လဲဆိုတာကို ဆက်လက်ပြောပြပေးပါမယ်။

Here4Horses ကို စတည်ထောင်ခဲ့တဲ့ ဝမ်ဒီ (Wendy) က ဟေဒီကို စိတ်မချမ်းမြေ့စရာ အခြေအနေနဲ့ တွေ့ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ “ကယ်ဆယ်ရေးတွေ ဆိုဒ်ထဲကို ရောက်တော့ ဟေဒီရဲ့ခန္ဓာကိုယ်ကို သိမ်းဖို့လာတဲ့လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ သူက ဟေဒီ သေပြီလို့ ထင်ခဲ့တာပါ”လို့ ဝမ်ဒီက ဆိုပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအနေနဲ့လာတဲ့ စေတနာ့ဝန်ထမ်းတွေက ဟေဒီ အသက်ရှုနေသေးတာကို တွေ့ရှိပြီး ချက်ချင်းကယ်တင်ပေးဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

ဟေဒီက အရေးပေါ်အခြေအနေဖြစ်နေပြီး ရပ်တောင်မရပ်နိုင်ခဲ့ပါဘူး။ မြင်းလေး အရမ်းအားနည်းပြီး သွေးအတွင်း ပရိုတင်းဓာတ်နည်းပါးနေတာကြောင့် သွေးသွင်းဖို့ လိုအပ်ခဲ့တာပါ။ ဟေဒီ သူ့ဘာသာရပ်နိုင်ဖို့အတွက် (၅) ပတ်ကျော် အချိန်ယူခဲ့ရပါတယ်။ ဟေဒီကို သွင်းပေးတဲ့သွေးတွေကို ကျန်းမာရေးကောင်းတဲ့မြင်းတွေဆီက ရရှိခဲ့တာဖြစ်ပါတယ်။ ဟေဒီကို ကုသပေးနေစဉ်အတွင်းမှာ ထိခိုက်ဒဏ်ရာတွေ ရှိနေတဲ့အတွက် ပလာစတာကပ်ပေးထားရပါတယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ပြန်လည်ကောင်းမွန်ခဲ့တာမဟုတ်ပါဘူး။ “အနာတွေ၊ သန်ကောင်ပိုးကောင်၊ ကပ်ပါးကောင်၊ ရောဂါကူးစက်တာ အရမ်းများတဲ့အတွက် အချိန်ယူခဲ့ရပါတယ်။

စားကျက်မြေမှာ ဟေဒီ ပြေးလွှားနိုင်ဖို့ ပြန်ကောင်းလာအောင်ကုသပေးဖို့အတွက် လတော်တော်ကြာကြာအချိန်ယူခဲ့တာပါ”လို့ ဝမ်ဒီကပြောပါတယ်။ ဟေဒီဟာ အရေးပေါ်ကုသမှုတွေခံယူပြီးတဲ့နောက်မှာ ပြန်လည်ကောင်းမွန်လာစပြုလာပါပြီ။ ကံကောင်းစွာနဲ့ပဲ ဟေဒီရဲ့ဒဏ်ရာတွေလည်း အနာကျက်လာခဲ့ပါတော့တယ်။ အချိန်ကြာလာတဲ့အခါမှာ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီကြောင့် ဟေဒီရဲ့အမွေးတွေလည်း ပြန်ပေါက်လာပြီး ကျန်းမာဝဖြိုးကာ လှပတဲ့မြင်းတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ Here 4 Horses က ဂရုမစိုက်ဘဲ ပစ်ထားခံရတဲ့ မြင်းတွေကို ကယ်တင်ပေးနေတဲ့ ပရဟိတအဖွဲ့အစည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Here4Horses က ဟေဒီ ခံစားခဲ့ရတဲ့အခြေအနေနဲ့ တူတဲ့ အခြားမြင်းတစ်ကောင်ကို ကုသပေးနေရပါတယ်။

ဟေဒီရဲ့ဗီဒီယို (၁)


ဟေဒီရဲ့ဗီဒီယို (၂)


ဟေဒီရဲ့ဗီဒီယို (၃)


ဟေဒီရဲ့ဗီဒီယို (၄)

Ref: BoredPanda “Volunteers ‘Shocked’ To See This ‘Dead’ Horse Still Alive Nurse It Back To Health And The Transformation Is Incredible”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top