ကာကွယ်ဆေးထိုးနှံဖို့ လူငယ်တွေကို တိုက်တွန်းဖို့အတွက် အိမ်ဖြူတော်ကို လာရောက်ခဲ့တဲ့ လူငယ်အနုပညာရှင် အိုလီဗီယာ ရိုဒရီဂို

17-7-2021-yyl-10.jpg

အသက် ၁၈ နှစ် အဆိုတော်၊ မင်းသမီး အိုလီဗီယာ ရိုဒရီဂို (Olivia Rodrigo) ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့ လူငယ်တွေကို တိုက်တွန်းဖို့အတွက် အားထုတ်တဲ့အနေနဲ့ အိမ်ဖြူတော်ကို ဗုဒ္ဓဟူးနေ့က လာရောက်ခဲ့ပါတယ်။ သူဟာ လူငယ်တွေကို ကာကွယ်ဆေးရရှိဖို့ ဆောင်ရွက်နေတဲ့ သမ္မတဘိုင်ဒင်ရဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်အားဖြည့်ပေးတာဖြစ်ပါတယ်။

“လူငယ်ကာကွယ်ဆေးထိုးနှံခြင်းရဲ့အရေးကြီးပုံကို သတင်းဖြန့်ဖြူးနိုင်ဖို့ ဒီကိုလာရတာက ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ သမ္မတဘိုင်ဒင်နဲ့ ဒေါက်တာ ဖော်စီတို့ လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်မှုတွေကို ကျွန်မ အံ့အားသင့်မိသလို ဒီအရေးကြီးလုပ်ငန်းစဉ်အတွက် ကျွန်မ ပံ့ပိုးကူညီရတာ ပျော်ရွှင်မိပါတယ်” လို့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ အိုလီဗီယာက ပြောကြားခဲ့ပါတယ်။

“ကာကွယ်ဆေးထိုးနှံနိုင်ဖို့နဲ့ အမှန်တကယ်ကာကွယ်ဆေးထိုးနှံနိုင်တဲ့နေရာတွေကို ရောက်ဖို့ လူအသိုင်းအဝိုင်းအားလုံးကို တိုက်တွန်းရင်း သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ စကားပြောကြည့်ဖို့ အရေးကြီးပါတယ်။ ကာကွယ်ဆေးရနိုင်တဲ့နေရာတွေကလည်း အရင်ကထက် ပိုပြီး လွယ်ကူပြီး @vaccines.govမှာ သွားရောက် ရှာဖွေရတာ လွယ်ကူပါတယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

အိုလီဗီယာက ကာကွယ်ဆေးထိုးနှံခြင်းရဲ့အရေးကြီးပုံနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒင်နဲ့ ဒေါက်တာဖော်စီတို့နဲ့ မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးဖို့စီစဉ်ထားပြီး ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လူငယ်တွေမေးတဲ့မေးခွန်းတွေကို ဖြေကြားသွားမှာဖြစ်တယ်လို့ သမ္မတအုပ်ချုပ်ရေးပိုင်းရဲ့တာဝန်ရှိသူတစ်ဉီးအရသိရပါတယ်။

အိမ်ဖြူတော်ရဲ့အတွင်းရေးမှူး ဂျန် ပါဆာကီ (Jen Psaki) က အိုလီဗီယာ မေးခွန်းတွေဖြေကြားပြီး ခန်းမဆောင်ကနေ ထွက်ခွာပြီးတဲ့နောက် အိမ်ဖြူတော်ကို လှည့်လည်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

အိုလီဗီယာဟာ အင်စတာဂရမ်မှာ Follower ၁၄ သန်းကျော်နဲ့ တွစ်တာမှာ Follower ၁.၃ သန်းရှိပါတယ်။ အိမ်ဖြူတော်ကို အိုလီဗီယာတက်ရောက်မှုက ကာကွယ်ဆေးထိုးနှံခြင်းရဲ့အရေးကြီးပုံတွေအကြောင်း အမေရိကန်လူငယ်တွေဆီ ရောက်သွားစေဖို့ မျှော်လင့်ရပါတယ်။ ဘိုင်ဒင်ရဲ့အုပ်ချုပ်ရေးပိုင်းက လူတွေပိုပြီး ကာကွယ်ဆေးရရှိဖို့ အားထုတ်ကြိုးပမ်းဖြေရှင်းနေတာပါ။ အသက် ၁၈ ကနေ အသက် ၂၄ နှစ်ကြား လူငယ်တွေက ကိုဗစ်ဖြစ်ပွားမှုနှုန်းအမြင့်ဆုံးဖြစ်တယ်လို့ CDC ရဲ့ ‌ဒေတာတွေက ပြနေပါတယ်။

CDC ရဲ့ထုတ်ပြန်ချက်အရ အသက်အုပ်စုရဲ့ ၄၁.၂ ရာခိုင်နှုန်းလောက်ကသာ အပြည့်အဝကာကွယ်ဆေးထိုးနှံထားတယ်လို့ သိရပါတယ်။

Ref: ABCNews “Olivia Rodrigo visits White House to urge young people get vaccinated”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top