တရုတ်ဈေးတွေမှာ ခွေးသားတွေ ရောင်းချနေလို့ ခွေးတွေကို ကယ်တင်နေရ

19-6-2020-yyl-021.jpg

တရုတ်အစိုးရကခွေးတွေကို ခြံမွေးတိရစ္ဆာန်အနေနဲ့ မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်၊ အပေါင်းအဖော်အဖြစ် သတ်မှတ်ထားတယ်လို့ ကြေညာထားပေမယ့် နှစ်စဉ်ကျင်းပတဲ့ခွေးသားပွဲတော်မတိုင်ခင် ယူလင်မြို့က တရုတ်ဈေးမှာ ခွေးသားတွေရောင်းချနေတာကြောင့် ခွေးတွေကို အဲဒီဈေးကနေ ကယ်တင်နေရတယ်လို့ သိရပါတယ်။

အခုဆိုရင် တက်ကြွလှုပ်ရှားသူတွေက ဇွန်လ (၂၁) ရက်နေ့မှာ ကျင်းပမယ့် ခွေးသားပွဲတော်ကို ရပ်တန့်ဖို့နဲ့ ခွေးတွေက အစားအစာမဟုတ်ကြောင်း အမျိုးသားအဆင့် ကြေညာချက်ထုတ်ပြန်ပေးဖို့ ဒေသခံအာဏာပိုင်တွေကို တိုက်တွန်းနေကြပါတယ်။ ယူလင်မြို့အပြင်ဘက် ဈေးတစ်ခုမှာ အသားအဖြစ် ရောင်းချခံရတော့မယ့် ခွေး (၁၀) ကောင်ကို ကယ်တင်ခဲ့ရတယ်လို့ Human Society International အဖွဲ့အစည်းအရ သိရပါတယ်။ ခွေးအကောင်လိုက်ကို ခုတ်ပိုင်းနေတဲ့ ဈေးသည်တွေကိုလည်းတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အရင်တုန်းကဆိုရင် မြို့တစ်ဝိုက်မှာ ခွေးသားရောင်းချတဲ့ဆိုင်တွေက အနှံ့ပါပဲ။ အခုတော့ ယူလင်မြို့အပြင်ဘက် Nanchao ဈေးမှာပဲ ဆိုင်အကုန်လုံးကို ဖွင့်နေခဲ့တာဖြစ်ပါတယ်။

Human Society International ရဲ့ China Policy Specialist ဖြစ်သူ ဒေါက်တာပီတာ လီက “ယူလင်အာဏာပိုင်တွေက ခွေးသားရောင်းချမှုတွေကို နည်းသွားအောင် ဆိုင်တွေအားလုံးကို အနီးကပ်စောင့်ကြည့် ချင်ကြပါတယ်။ ခွေးသားရောင်းချမှု စီးပွားရေးလုပ်ငန်းတွေက အငြင်းပွားဖွယ်ရာတွေ ရှိနေတဲ့အတွက်ကြောင့်ပါ။ တချို့ရောင်းချသူတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီလကနေ မတ်လအထိ ရောင်းအားကျတာတွေကို ပြန်ပြီးအဖက်ဆယ်ဖို့အတွက် စီးပွားရေးပိုလုပ်နေကြရတယ်လို့ တက်ကြွလှုပ်ရှားသူတွေကို ပြောပါတယ်။ အခြားသူတွေကတော့ အစိုးရက တိရစ္ဆာန်တွေသယ်ယူပို့ဆောင်တာကို ထိထိရောက်ရောက်နှိမ်နင်းနေတာကြောင့် ခွေးအရှင်တွေရဖို့ ပိုပြီးခက်ခဲနေတယ်လို့ ပြောပါတယ်။ အရင်တုန်းကဆို တစ်ခါတည်းနဲ့ ခွေးအကောင်ရေထောင်ကျော်ပို့ကြပေမယ့် အခုတော့ အနီးနားက မြို့တွေကနေသာ ခွေးအနည်းငယ်သာရကြတယ်လို့ သူတို့က ပြောတယ်”လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ခွေးသားနဲ့ကြောင်သားရောင်းချမှုတွေကို အရှိန်ဟုန်မြင့်စွာ အရေးယူဖို့ လုပ်ဆောင်နေပါတယ်။ တက်ကြွလှုပ်ရှားသူတွေ ကိုယ်တိုင်မြင်ခဲ့ရတဲ့အရာက ယူလင်မြို့မှာ လုပ်ဆောင်နေတဲ့ အရာတွေကို ထောက်ပြလို့ရတယ်လို့ ဆိုပါတယ်။ ရှိန်းကျိန့်မြို့နဲ့ ကျူဟိုင်မြို့တွေကတော့ ခွေးသားနဲ့ကြောင်သား ရောင်းချတာတွေကို ပိတ်ပင်တားမြစ်ပြီးသွားပြီး အစိုးရကလည်း ခွေးတွေကို ခြံမွေးတိရစ္ဆာန်အဖြစ် ရောင်းချဖို့ထက် အပေါင်းအဖော်အဖြစ် သတ်မှတ်ထားတယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

“ယူလင်မြို့က တိရစ္ဆာန်တွေရဲ့အကျိုးကိုငဲ့တဲ့အနေနဲ့ရော လူတွေရဲ့ကျန်းမာရေးနဲ့ဘေးကင်းဖို့အတွက်ပါ ပြောင်းလဲပစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ လူများတဲ့ဈေးတွေမှာ ခွေးသားစားသောက်ဖို့အတွက် ရောင်းချဖို့၊ ဝယ်ယူဖို့အတွက် လူတွေစုဝေးခွင့်ပြုထားတာက ရောဂါကူးစက်နိုင်ချေရှိပါတယ်”လို့ ဒေါက်တာပီတာက ဆိုပါတယ်။

Ref: Chinese Markets Sell Dog Meat Ahead Of Festival Despite New Guidelines Classifying Dogs As Pets

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top