Live လွှင့်ဖို့ ရိုက်ကူးနေတုန်း ခင်ပွန်းဟောင်းက ဓာတ်ဆီလောင်းပြီး မီးရှို့လို့ တရုတ်နာမည်ကျော် Vlogger သေဆုံး

image1.jpg

တရုတ်လူမှုကွန်ရက်ပေါ်က နာမည်ကျော် Vlogger တစ်ယောက်ဟာ live-streaming ပြဖို့အတွက် ရိုက်ကူးနေတုန်း ခင်ပွန်းဟောင်းက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့လို့ သေဆုံးခဲ့ပါတယ်။ လာမူလို့ အမည်ရသည့် အသက် ၃၀ အရွယ် အမျိုးသမီးဟာ တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်၊ အဘာတောင်တန်းဒေသမှာ နေထိုင်သူပါ။ သူဟာ တရုတ်နိုင်ငံသုံး TikTok app (Douyin)မှာ အားပေးသူ ၇၈၀၀၀၀ ကျော် ရှိပြီး သူ့ရဲ့ဗီဒီယိုတွေက Like ၆ သန်းကျော် ရှိပါတယ်။

လာမူဟာ ကျေးလက်ဒေသ လူမှုဘဝ ပျော်ရွှင်စရာအကြောင်းအရာတွေ တင်ဆက်လေ့ရှိပြီး သူ့ရဲ့ဗီဒီယိုတွေထဲမှာ မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း နေလေ့ရှိလို့ ချီးကျူးခံရသူပါ။
စက်တင်ဘာလ ၁၄ ရက်မှာတော့ သူ့ရဲ့အိမ်ကို ခင်ပွန်းဟောင်းဖြစ်သူက သားလှီးဓား၊ ဓာတ်ဆီပုံးကိုင်ပြီး ရောက်ရှိလာပြီး အိမ်သူ၊ အိမ်သားတွေ ရှေ့မှာပဲ လာမူကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် လာမူရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်း လောင်ကျွမ်းဒဏ်ရာတွေ ရရှိခဲ့ပြီး သူ့ကို ဒေသခံဆေးရုံ တင်ပို့ခဲ့ရပါတယ်။ အဲဒီကတစ်ဆင့် စီချွမ်ပြည်နယ်ဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ပြီး လာမူရဲ့မိသားစုက ဆေးကုသစရိတ်အတွက် အွန်လိုင်းပေါ်ကနေ အလှူငွေကောက်ခံခဲ့ရာမှာ ၂၄ နာရီအတွင်း ယွမ်တစ်သန်း ( ပေါင် ၁၁၄၂၈၀) ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ကုသမှုမအောင်မြင်ခဲ့လို့ ရက်သတ္တနှစ်ပတ်အကြာမှာ လာမူ ကွယ်လွန်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ လူပြောများတဲ့ အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ တန်လို့ အမည်ရတဲ့ လာမူရဲ့ခင်ပွန်းဟောင်းကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ စက်တင်ဘာလ ၁၄ ရက်မှာပဲ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

Ref: Dailymail ” Chinese social media star, 30, dies after ‘being doused in petrol and set on fire by her ex-husband during a live-streaming show'”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top