ကလေးရာနဲ့ချီ မွေးစားခဲ့တဲ့ ဗီယက်နမ်မာသာထရီဆာ

22.6.2023-yyl-18.jpg

ဗီယက်နမ်မီဒီယာတွေကတော့ သူ့ကို ဗီယက်နမ်မာသာထရီဆာလို့ ခေါ်ကြပါတယ်။ ဟွမ်တျူဟောင်ကိုယ်တိုင်ကလည်း စွန့်ပစ်ခံ ကလေးတစ်ယောက်ပါ။ သူ့မွေးသက္ကရာဇ်ကိုတောင် မသိပါဘူး။ အိမ်ရာမဲ့အဘွားကြီးတစ်ယောက်က သူ့ကို တွေ့ခဲ့တာပါ။ အိမ်ရာမဲ့အဘွားကြီးက သူ့ကို မွေးစားမယ့်သူ ရှာဖွေပေးရင်း လူငယ်ဇနီးမောင်နှံက ဟွမ်တျူဟောင်ကို မွေးစားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီဇနီးမောင်နှံဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေဖြစ်နေလို့ အိမ်နီးနားချင်းတွေက ဟွမ်တျူဟောင်ကို ကယ်တင်ပေးခဲ့ရပါတယ်။

တစ်ကောင်ကြွက်ဘဝနဲ့ လေလွင့်နေတဲ့ ဟွမ်တျူဟောင်ဟာ အသက် ၁၉ နှစ်အရွယ်မှာတော့ သူ့အိမ်ရှေ့မှာ လာစွန့်ပစ်သွားတဲ့ မိန်းကလေးငယ်တစ်ယောက်ကို မွေးစားခဲ့ပါတယ်။ ဒါဟာ သူ့ဘဝရဲ့ အလှည့်အပြောင်းပါပဲ။ တရုတ်အမျိုးသားတစ်ယောက်က သူ့ကို အိမ်ငှားနေဖို့၊ တစ်ခုခု လုပ်ကိုင်စားသောက်ဖို့ ငွေအရင်းအနှီး ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဟွမ်တျူဟောင်က မိဘမဲ့ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကူညီပေးနေတဲ့ Vietnam Relief Association မှာ လုပ်အားပေးဝင်လုပ်ခဲ့တာပါ။

၂၀၀၁ ခုနှစ်မှာတော့ သူဟာ ကူဟောင်ပရဟိတအဖွဲ့ကို ထူထောင်ခဲ့ပြီး စွန့်ပစ်ကလေးငယ်တွေကို မွေးစားခဲ့တာ အခုချိန်မှာတော့ ကလေးငယ် ၃၄၆ ယောက်အထိ မွေးစားခဲ့ပြီးပါပြီ။ အလှူရှင်တွေနဲ့ လုပ်အားပေးတွေရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ကလေးငယ်အားလုံးဟာ ပညာသင်ကြားခွင့်၊ သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အပူပင်မရှိ စားသောက်၊ နေထိုင်၊ ကစားခွင့် ရရှိခဲ့ပါတယ်။
ကလေးငယ်တွေကို အမေဟောင်ရဲ့ ကလေးတွေလို့ ခေါ်ရာကနေ သူ့ရဲ့ဖောင်ဒေးရှင်းကိုလည်း အမေဟောင် ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲခဲ့တာပါ။ ဗီယက်နမ်စစ်ပွဲအလွန်ကာလ ဆိုးရွားတဲ့ အခက်အခဲတွေကြားမှာ ဟွမ်တျူဟောင်က သူ့ကိုယ်ကျိုးကို ဘေးချိတ်ပြီး စွန့်ပစ်ခံကလေးငယ်တွေအကျိုး သယ်ပိုးခဲ့တာကြောင့် သူ့ကို မာသာထရီဆာနဲ့ ခိုင်းနှုန်းကာ ဗီယက်နမ်မာသာထရီဆာလို့ တင်စားခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: “Mother Theresa of Vietnam” Ms. Huynh Tieu Huong Overcame Decades of Homelessness to Help Hundreds of Orphans

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top