ကွန်ပျူတာအဟောင်းတွေကို ပြင်သုံးပြီး ကင်ညာကလေးတွေရဲ့အနာဂတ် တောက်ပစေဖို့ ကြိုးစားနေသူ

14-11-2022yyl34.jpg

နယ်လီချီဘိုအီကို ကင်ညာနိုင်ငံရဲ့ ဆင်းရဲသားမိသားစုကနေ မွေးတယ်။ ဒါပေမဲ့ သူတို့ညီအစ်မ ၄ ယောက်ကို သူ့အမေ တစ်ယောက်တည်းကပဲ ရှာဖွေကျွေးမွေးခဲ့တာပါ။ သူ့အမေကလည်း ၅ တန်းအထိပဲ ကျောင်းနေဖူးတယ်။ ဒါပေမဲ့ မနားမနေ အလုပ်လုပ်ပြီး သူ့သမီး ၄ ယောက်လုံးကို ကျောင်းထားတယ်။ ဒါတောင် ချီဘိုအီတို့ ညီအစ်မတွေ ညစာ မစားရဘဲ အိပ်ရာဝင်ခဲ့ရတဲ့ညပေါင်းများစွာ ရှိဖူးတယ်။

သူတို့ လူ့အဖွဲ့အစည်းဟာ မျှော်လင့်ချက်မဲ့ စက်ဝိုင်းတွေ သံသရာလည်နေပါလားဆိုတာ ချီဘိုအီက သတိထားမိတယ်။ ပညာကို ကြိုးစားသင်တယ်။ ပညာသင်ဆုရပြီး အမေရိကန်မှာ ကောလိပ်သွားတတ်ရတယ်။ မိသားစုကို ပြန်ထောက်ပံ့နိုင်ဖို့ ရရာအလုပ်ကို အချိန်ပိုင်းလုပ်တယ်။ အဲဒီအချိန်အထိ ကွန်ပျူတာကို သူ ကောင်းကောင်းမသုံးတတ်ဘူး။ ကွန်ပျူတာသိပ္ပံ ဘာသာရပ်ကို စသိတော့ သူ အရမ်းစိတ်ဝင်စားသွားတယ်။ အခုတော့ သူက ဆော့ဖ်ဝဲ အင်ဂျင်နီယာဖြစ်နေပြီ။

Touch Screen မှာ စာရိုက်တယ်ဆိုတာ ဒီနေ့ခေတ်ကလေးတွေအတွက် ပြောပလောက်တဲ့ကိစ္စ မဟုတ်ပေမဲ့ ချီဘိုအီကတော့ အဲဒီလိုစာရိုက်နိုင်ဖို့ တော်တော်ကြိုးစားခဲ့ရသူပါ။ ကင်ညာနိုင်ငံက ကလေးတွေ နည်းပညာနဲ့ မစိမ်းအောင် လုပ်ပေးဖို့ သူ ကြံဆောင်တယ်။ အမေရိကန်မှာ မသုံးတော့တဲ့ ကွန်ပျူတာအဟောင်းတွေကို ကင်ညာနိုင်ငံထံ သယ်တယ်။ ကင်ညာကို ပြန်တိုင်း ခရီးဆောင်အိတ်ထဲ ထည့်ပြီး သယ်တာပါ။ ဒါကြောင့်လည်း သူ အသွားအပြန်လုပ်တဲ့ လေယာဉ်လက်မှတ်ခထက် ခရီးဆောင်အိတ် ဝန်ပိုတန်ဖိုးက ပိုများခဲ့ပါတယ်။

အခုတော့ သူက အကျိုးအမြတ် အဓိကမထားတဲ့ Technologically Literate Africa(TechLit Africa) အဖွဲ့ တည်ထောင်ထားပြီး ကင်ညာနိုင်ငံက ကလေးငယ် ၄၀၀၀ ကျော်ကို ကွန်ပျူတာ သင်ပေးနေတယ်။ ကွန်ပျူတာအဟောင်းတွေကို ပြန်ပြင်ပြီး ဝေးလံခေါင်သီတဲ့ စာသင်ကျောင်းတွေမှာ နည်းပညာသင်ကြားရေးအခန်း ဖွင့်လှစ်ပေးနေတယ်။ ၂၉ နှစ်အရွယ် ချီဘိုအီက CNN သတင်းဌာနရဲ့ သူရဲကောင်းဆု ရခဲ့သူပါ။ နောက်နှစ်ကစပြီး ကင်ညာနိုင်ငံရဲ့ စာသင်ကျောင်း ၁၀၀ မှာ နည်းပညာသင်ကြားရေးအခန်း ဖွင့်လှစ်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref:CNN Hero upcycles old computers to open new worlds for young Kenyans

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top