ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းသွားမယ်ဆိုတဲ့ ဂျက်ဖ် ဘေးဇို့စ်

15-11-2022yyl06.jpg

Amazon တည်ထောင်သူ ဂျက်ဖ် ဘေးဇို့စ်ဟာ ပေါင် ၁၀၇ ဘီလျံရှိတဲ့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းပေးဝေဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဘေးဇို့စ်က ဒီအစီအစဉ်ကို အင်တာဗျူးတစ်ခုမှာ ကြေညာသွားခဲ့တာပါ။ သူ့ရဲ့ငွေကြေးအမြောက်အများကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းချင်တယ်လို့ သူက ပြောပါတယ်။ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်တာနဲ့ ပြည်သူလူထုကြား လူမှုရေးနဲ့နိုင်ငံရေးသဘောထားကွဲလွဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် လူသားမျိုးနွယ်စုကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်တဲ့သူတွေကို ပံ့ပိုးကူညီတာတွေအတွက် ရည်ရွယ်ပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဂျက်ဖ် ဘေးဇို့စ်နဲ့သူ့လက်တွဲဖော် လော်ရန် ဆန်းချက်ဇ်တို့ ဝါရှင်တန်ဒီစီကနေအိမ်မှာ အင်တာဗျူးဖြေကြားခဲ့တာပါ။ သူတို့စုံတွဲက ဒီငွေတွေ လှူဒါန်းပေးဝေနိုင်မယ့်စွမ်းရည်ကို ပျိုးထောင်နေတယ်လို့ ပြောပါတယ်။ သူ့ရဲ့တစ်သက်တာအတွင်း ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းဖို့ အစီအစဉ်ရှိမရှိတိုက်ရိုက်မေးမြန်းတဲ့အခါမှာ ဘေးဇို့စ်က “ဟုတ်တယ်…လှူဒါန်းမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ ဒါပေမဲ့ ချမ်းသာကြွယ်ဝမှုရဲ့ဘယ်လောက်ရာခိုင်နှုန်းလောက်လှူဒါန်းမယ်၊ ဘယ်နေရာတွေမှာ လှူဒါန်းမယ်ဆိုတာကို အသေးစိတ်ပြောပြဖို့တော့ အင်တာဗျူးမှာ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ ဘေးဇို့စ်နဲ့ ဆန်းချက်စ်တို့က လက်ရှိပိုင်ဆိုင်မှုရဲ့ ၈ ရာခိုင်နှုန်းဝန်းကျင်လောက်ရှိတဲ့ ဒေါ်လာ ၁၀ ဘီလျံကိုတော့ Bezos Earth Fund ကို လှူဒါန်းမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ Bezos Earth Fund က ဆောက်လုပ်ရေးအဆင့် ဘိလပ်မြေနဲ့ စတီးတွေရဲ့ကာဗွန်ခြေရာကို လျှော့ချဖို့ လုပ်ဆောင်နေပြီး ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးမှူးတွေကို သူတို့ရဲ့လုပ်ငန်းတွေမှာ ရာသီဥတုဆိုင်ရာအန္တရာယ်တွေကို ထည့်စဉ်းစားဖို့ တိုက်တွန်းနေပါတယ်။ အဲ့ဒါအပြင် ကာဗွန်ထုတ်လွှတ်မှုကို ခြေရာခံဖို့ ဒေတာတွေနဲ့ နည်းပညာတွေကို လုပ်ဆောင်နေပြီး သဘာဝအတိုင်း အပင်အခြေခံကာဗွန်စုပ်ခွက်တွေလည်း တည်ဆောင်နေပါတယ်။

ဘေးဇို့စ်နဲ့ ဆန်းချက်ဇ်တို့က အဆိုတော် ဒေါ်လီ ပါတန်ကို သူ့ရဲ့ပရဟိတလုပ်ဆောင်မှုအတွက် ဒေါ်လာ သန်း ၁၀၀ ဆုချီးမြှင့်ခဲ့ပြီးတဲ့နောက်မှာ ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းပေးဝေမယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့တာပါ။

Ref: Ladbible “Amazon founder Jeff Bezos announces he is giving away the majority of £107 billion fortune”

WL( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top