တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ ပိုးဟပ်ကို ရည်းစားဟောင်းနာမည်ပေးပြီး တိရစ္ဆာန်တစ်ကောင်ကို ကျွေးမယ့် “ချစ်သူများနေ့အထူးအစီအစဉ်”

31-1-2023yyl-11.jpg

တက္ကဆပ်ပြည်နယ်က The San Antonio Zoo တိရစ္ဆာန်ဥယျာဉ်ဟာ ထွက်မသွားဘဲ စိတ်အနှောက်အယှက်ပေးနေတဲ့ ရည်းစားဟောင်းတွေရှိတဲ့သူတွေအတွက် ချစ်သူများနေ့အထူးအစီအစဉ်လုပ်ပေးနေပါတယ်။ အဲဒီလိုရည်းစားဟောင်းရှိတဲ့သူတွေက တိရစ္ဆာန်ဥယျာဉ်မှာ ဒေါ်လာ ၂၀ လှူဒါန်းရင် ပိုးဟပ်ကို ရည်းစားဟောင်းရဲ့နာမည်ပေးပြီး တိရစ္ဆာန်တစ်ကောင်ကို ကျွေးမယ့် အစီအစဉ်ပါပဲ။ ဒါက “နင့်ကို စိတ်မဝင်စားတော့ဘူး”ဆိုတဲ့ တိုက်ရိုက်မက်ဆေ့ချ်ပေးတာပါပဲ။

နှစ်စဉ် “Cry Me a Cockroach” ရန်ပုံငွေပွဲက တက္ကဆက်နဲ့ ကမ္ဘာ့တစ်ဝှမ်းက တောရိုင်းတိရစ္ဆာန်တွေအတွက် အနာဂတ်အာမခံချက်ရရှိရေးဆိုတဲ့ တိရစ္ဆာန်ဥယျာဉ်ရဲ့ရည်မှန်းချက်ကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ the San Antonio Zoo ရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ပိုးဟပ်လို ပိုးမွှားတွေ မကြိုက်တဲ့သူတွေက ၅ ဒေါ်လာ နဲ့ ဟင်းသီးဟင်းရွက် (ဒါမှမဟုတ်) ကြွက်တစ်ကောင်ကို ၂၅ ဒေါ်လာနဲ့ ရွေးချယ်လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းသူအားလုံးက တိရစ္ဆာန်ဥယျာဉ်အတွက် သူတို့ရဲ့ပံ့ပိုးကူညီမှုကို ပြသတဲ့ ဒစ်ဂျစ်တယ် Valentine’s Day Card တစ်ခု ရရှိသွားမှာပါ။ ပိုးဟပ်၊ ကြွက်၊ ဟင်းသီးဟင်းရွက်တွေကို သူတို့ရဲ့နာမည်တွေပေးပြီး တိရစ္ဆာန်ကို ကျွေးလိုက်တယ်ဆိုတာကို စိတ်အနှောင့်အယှက်ပေးနေတဲ့ရည်းစားဟောင်းတွေ သိစေချင်ရင် ဒစ်ဂျစ်တယ် Valentine’s Day Card ကို သူတို့ဆီပို့ပေးဖို့လည်း ရွေးချယ်လို့ရပါတယ်။

ဒေါ်လာ ၁၅၀ ရွေးချယ်လှူဒါန်းမယ်ဆိုရင် ပိုးဟပ်၊ ကြွက် (သို့) ဟင်းသီးဟင်းရွက်ကို တိရစ္ဆာန်တစ်ကောင်က စားသောက်နေတာကို လက်ခံမယ့်သူဆီ ပြသနေတဲ့ သီးသန့်ဗီဒီယိုမက်ဆေ့ချ်ပါဝင်ပါတယ်။

နှစ်စဉ်ပြုလုပ်နေကျ ဒီပွဲအစီအစဉ်က အောင်မြင်တယ်လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ပြည်သူ့ဆက်ဆံရေးဒါရိုက်တာ ဆိုင်လီ ပီရက်ဇ်က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်နယ် ၅၀ နဲ့ နိုင်ငံပေါင်း ၃၀ ကျော်ကနေ လှူဒါန်းမှု ၈၀၀၀ ကျော်ရရှိခဲ့တာပါ။ အခုဆိုရင် ပြီးခဲ့တဲ့နှစ်က စံချိန်ကို ချိုးဖို့ များပါတယ်။ အခုအချိန်အထိ Submit လုပ်တာအများဆုံးရည်းစားဟောင်းနာမည်တွေက ဇက်ချ်၊ ရေးလ်နဲ့ အာဒမ်ဆိုတာတွေပါပဲ။

ဒီလှူဒါန်းမှုအစီအစဉ်မှာ ပါဝင်ချင်ရင် ချစ်သူများနေ့မတိုင်ခင် အွန်လိုင်းကနေ ရည်းစားဟောင်းနာမည်တွေကို

https://sazoo.org/cry-me-a-cockroach/ မှာ Submit လုပ်ဖို့ လိုအပ်တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။

Ref: CNN “San Antonio Zoo will let you name a cockroach after an ex and feed it to an animal”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top