Wildlife Photographer of the Year ဓာတ်ပုံပြိုင်ပွဲမှာ လူကြိုက်အများဆုံးဆုကို ရရှိခဲ့တဲ့ ဓာတ်ပုံ

9.2.2023-yyl-image-9.jpg

အိန္ဒိယနိုင်ငံက တောင်တွေကို ဖြတ်ပြီး ငေးကြည့်နေတဲ့ နှင်းကျားသစ်ရဲ့အမိုက်စားပုံရိပ်က Wildlife Photographer of the Year ဓာတ်ပုံပြိုင်ပွဲရဲ့ လူကြိုက်အများဆုံးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ စံချိန်တင်မဲပေးသူ ၆၀၄၆၆ ဦးရှိခဲ့ပြီး ဂျာမန်ဓာတ်ပုံဆရာ ဆာစ်ချာ ဖွန်ဆီကာရဲ့ နှင်းကျားသစ်ကမ္ဘာ (World of the snow leopard) က လူကြိုက်အများဆုံးဖြစ်ခဲ့တာပါ။

ဓာတ်ပုံဆရာဖွန်ဆီကာဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ လာတက်ဒေသက တောင်တန်းတွေကို နောက်ခံထားပြီး နေဝင်ချိန်မှာမြင်ရခဲတဲ့ နှင်းကျားသစ်ရဲ့ပုံကို ရိုက်ကူးဖို့အတွက် ကင်မရာထောင်ချောက်ကို အသုံးပြုခဲ့တာပါ။ ဝင်ရောက်ယှဉ်ပြိုင်သူ ၃၉၀၀၀ ထဲကမှ လန်ဒန်သဘာဝသမိုင်းပြတိုက်က ရွေးချယ်ထားတဲ့ ဆန်ခါတင် ၂၅ ပုံထဲကနေ ရွေးချယ်ခံခဲ့ရတာပါ။

အခုဆို ဒီဓာတ်ပုံကို Wildlife Photographer of the Year ဓာတ်ပုံပြပွဲမှာ ဇူလိုင် ၂ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံဆရာဖွန်ဆီကာကလည်း သူ့ရဲ့ဓာတ်ပုံကို မဲပေးခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ရင်းနဲ့ “ဓာတ်ပုံပညာက လူတွေကို တောရိုင်းတိရစ္ဆာန်တွေနဲ့ ချိတ်ဆက်ပေးနိုင်ပြီး မမြင်ရတဲ့ သဘာဝကမ္ဘာကြီးရဲ့အလှတရားကို တန်ဖိုးထားတတ်လာအောင် တွန်းအားပေးနိုင်တယ်။ တောရိုင်းတိရစ္ဆာန်တွေကို ပိုနားလည်တာက ပိုလေးနက်တဲ့ဂရုစိုက်မှုကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်တယ်။ ဒါက တောရိုင်းတိရစ္ဆာန်တွေကို ပံ့ပိုးကူညီပေးဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ပြည်သူလူထုရဲ့စိတ်ဝင်စားမှုကို ပိုမိုရရှိလာမှာပါ”လို့ ဆိုပါတယ်။

တောထဲမှာ အရွယ်ရောက်ပြီးသား နှင်းကျားသစ်အကောင်ရေ ၆၅၀၀ သာရှိတယ်လို့ ခန့်မှန်းရပြီး သူတို့တွေက လူသားတွေရဲ့ တရားမဝင်ဖမ်းဆီးတာ၊ နေထိုင်ကျက်စားရာနေရာပျောက်တာစတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: CNN “Striking image of a snow leopard wins Wildlife Photographer of the Year People’s Choice Award”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top